အ​မေရိကန်က တောင်အာဖရိကရှိ HIV တိုက်ဖျက်ရေးအတွက် ရန်ပုံငွေထောက်ပံ့မှု ရပ်ဆိုင်းမည်

အ​မေရိကန်က တောင်အာဖရိကရှိ HIV တိုက်ဖျက်ရေးအတွက် ရန်ပုံငွေထောက်ပံ့မှု ရပ်ဆိုင်းမည်
Published 21 June 2026

တောင်အာဖရိကနိုင်ငံရှိ HIV နှင့် AIDS ကူးစက်ပြန့်ပွားမှု တိုက်ဖျက်ရေး အစီအစဉ်များအတွက် ထောက်ပံ့နေ သည့် ရန်ပုံငွေများကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ​ကြေညာလိုက်သည်။ လက်ရှိ တောင်အာဖရိကတွင် HIV ကူးစက်ထားသူ ရှစ်သန်းကျော်ရှိနေပြီး ကမ္ဘာပေါ်တွင် ပမာဏအများဆုံးဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ ယခုကဲ့သို့ ရန်ပုံငွေဖြတ်တောက်ရခြင်းမှာ တောင်အာဖရိက အစိုးရက လူနည်းစုလူဖြူ အာဖရီကန်နာ အသိုင်းအဝိုင်းကို ကာကွယ်စောင့်ရှောက်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ဖြစ်ကာ၊ တောင်အာဖရိက အစိုးရဘက်ကမူ ယင်းစွပ်စွဲချက်ကို အကြိမ်ကြိမ်ငြင်းဆိုခဲ့သည်။ တောင်အာဖရိက ကျန်းမာရေးဝန်ကြီးဌာနက အမေရိကန်၏ တရားဝင်အကြောင်းကြားစာ မရသေးသော်လည်း ကိုယ်ထူကိုယ်ထ အစီအစဉ်တစ်ရပ်ကို ကြိုတင်ပြင်ဆင်ထားသည်ဟု ဆိုသည်။

အမေရိကန်အစိုးရသည် ၂၀၂၅ ခုနှစ်အထိ အေအိုင်ဒီအက်စ် ကယ်ဆယ်ရေး အရေးပေါ်ရန်ပုံငွေ (Pepfar) မှတစ်ဆင့် တောင်အာဖရိက၏ HIV တိုက်ဖျက်ရေးအတွက် တစ်နှစ်လျှင်ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ပံ့ပိုးပေးခဲ့သည်။ သို့သော် ဒေါ်နယ်ထရန့် သမ္မတဖြစ်လာပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး သိသိသာသာ ဆိုးရွားလာခဲ့သည်။

ထရန့်က တောင်အာဖရိကတွင် လူဖြူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားနေသည်ဟု စွပ်စွဲပြောဆိုခဲ့ပြီး အနောက်ဥရောပနွယ်ဖွား အာဖရီကန်နာများအတွက် ဒုက္ခသည်အစီအစဉ်တစ်ခုကို အမေရိကန်အစိုးရက ဖော်ဆောင်ပေးခဲ့သည်။ လက်ရှိတွင် ယင်းလူဖြူအုပ်စုက အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့်ရသည့် တစ်စုတည်းသော ဒုက္ခသည်များ ဖြစ်နေသည်။

Most Read

Most Recent