၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ရှိ သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ဇွန် ၂၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ဒီနှစ်ကျင်းပတဲ့ ၂၀၂၆ ခုနှစ် ယောဂပွဲတော်ဟာ ၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ဖြစ်ပါတယ်။ ယောဂနေ့စတင်ဖြစ်ပေါ်လာတာဟာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ၂၀၁၄ ခုနှစ်မှာ အားလုံးရဲ့သဘောတူညီမှုနဲ့ အပြည်ပြည်ဆိုင်ရာ ယောဂနေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီကနေစပြီး ကျင်းပလာခဲ့တာ အခုအချိန်က အပြည်ပြည်ဆိုင်ရာယောဂနေ့ အခမ်းအနားဖြစ်ပါတယ်။ ဒီ အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနား ၂၀၂၆ ခုနှစ်ရဲ့ အဓိက ပွဲတော်ကျင်းပရတဲ့ ရည်ရွယ်ချက်က Yoga For Healthy Ageing လို့ခေါ်တဲ့ ကျန်းမာကြံ့ခိုင်စွာဖြင့် အသက်အရွယ်ကြီးရင့်လာဖို့ ယောဂကစားကြပါစို့ဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ အဲဒီ Healthy Ageing ဖြစ်ဖို့ရာအတွက် ယောဂကိုနေ့စဉ် ကျင့်ဆောင်ကစား ကြတဲ့အခါမှာ နေ့စဉ်လူမှုဘဝထဲမှာ ယောဂကနေရရှိတဲ့ အကျိုးကျေးဇူးတွေကို အသုံးချခြင်းအားဖြင့် ပိုမိုပြီးတော့ ကျန်းမာတယ် ပိုမိုပြီးတော့ ကြံ့ခိုင်တဲ့ လူမှုဝန်းကျင်ရမှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Shri Abhay Thakur က ပြောကြားသည်။
အဆိုပါ ၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ် အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Shri Abhay Thakur က အဖွင့်အမှာ အစကားပြောကြားကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအောင်နိုင်သူက အမှာစကားပြောကြားခဲ့သည်။
ယောဂနည်းပြဆရာမကလည်း အခမ်းအနားသို့ တက်ရောက်လာသူများကို မိနစ် ၄၀ ခန့် ယောဂလေ့ကျင့်ခန်း များကို မျှဝေပေးခဲ့ကြောင်း သိရသည်။















