လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် မင်္ဂလာဒုံမြို့နယ်ရှိ မြောင်းတစ်ခုအတွင်း အမှိုက်များပိတ်ဆို့မှုသည် အမှိုက်များ ထပ်မံမြောပါလာခြင်းဖြစ်ကာ ၎င်းမြောင်း၌ တစ်ကြိမ်ရှင်းလင်းထားပြီး ယခုပိတ်ဆို့မှုကို ထပ်မံရှင်းလင်းခဲ့

လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် မင်္ဂလာဒုံမြို့နယ်ရှိ မြောင်းတစ်ခုအတွင်း အမှိုက်များပိတ်ဆို့မှုသည် အမှိုက်များ ထပ်မံမြောပါလာခြင်းဖြစ်ကာ ၎င်းမြောင်း၌ တစ်ကြိမ်ရှင်းလင်းထားပြီး ယခုပိတ်ဆို့မှုကို ထပ်မံရှင်းလင်းခဲ့
Published 26 May 2026

လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် မင်္ဂလာဒုံမြို့နယ်တွင် မြောင်းတစ်ခုအတွင်း အမှိုက်များပိတ်ဆို့မှုသည် အမှိုက်များ ထပ်မံမြောပါလာခြင်းဖြစ်ကာ ၎င်း​​မြောင်း၌ ရက် ၁၀၀ စီမံချက် မိုးကြိုကာလအဖြစ် တစ်ကြိမ် ရှင်းလင်းထားပြီး ယခုထပ်မံပိတ်ဆို့သဖြင့် လူအင်အားဖြင့် ထပ်မံရှင်းလင်းခဲ့ကြောင်း အမျိုးသားလွှတ်​တော်ကိုယ်စားလှယ် ဦး​​ဇော်ဝင်းသန့်က လူမှုကွန်ရက်မှတစ်ဆင့် အသိ​ပေး​ရေးသားထားသည်။

မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေကျေးရွာအုပ်စု၊ နွယ်ခွေစံပြကျေးရွာနှင့် ရွာမပိုင်း ရပ်ကွက်၊ ကန်စွန်းနွယ်အပိုင်အကြားရှိ အဆိုပါ ရုပ်ရှင်ရုံရိုးမြောင်းတွင် အမှိုက်သရိုက်များနှင့် စွန့်ပစ်ဖော့ဗူးခွံများ မြောပါနေမှုအခြေအနေကို ​ဒေသခံ ပြည်သူ တစ်ဦးက Tik Tok လူမှုကွန်ရက်တွင် ​ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရုပ်ရှင်ရုံရိုးမြောင်းအား ၂၀၂၆ ခုနှစ် ​မေ ၁၈ ရက် မိုးကြိုကာလ တစ်ကြိမ်ရှင်းပြီးသားပါဖြစ်​ကြောင်း၊ ​မေ ၂၃ ရက်တွင် မိုးကြီး၍ အမှိုက်များပါ လာခြင်းဖြစ်​ကြောင်း အမျိုးသားလွှတ်​တော်ကိုယ်စားလှယ် ဦး​​ဇော်ဝင်းသန့်က ဆိုသည်။

 “မိုးကြီးတော့ဟိုးအပေါ်ရပ်ကွက်များနှင့်ထောက်ကြန့်စျေးများဘက်မှ အမှိုက်များ ရေစီးနှင့်အတူထပ်ပါလာခြင်းဖြစ်ပါသည်။ ထပ်ပါတော့ထပ်ရှင်းပေါ့ဗျာ။ ၂၅ ရက်နေ့ အင်အားများထုတ်၍ထပ်ရှင်းပါမည်ပေါ့။ ဖြစ်မှအော်နေခြင်းထက် မိဘပြည်သူများ မည်သူမဆိုရေမြောင်းထဲ အမှိုက်မပြစ်ခြင်းကသာ ပြဿနာကိုဖြေရှင်းနိုင်သော အကောင်းဆုံးနည်းဖြစ်ပါလိမ့်မည်” ဟု အမျိုးသားလွှတ်​တော်ကိုယ်စားလှယ် ဦး​​ဇော်ဝင်းသန့်က ​​ရေးသားပြောကြားသည်။

ယင်း​ရေ​မြောင်းအတွင်း အမှိုက်များ ပိတ်ဆို့မှုအ​ခြေအ​နေများနှင့် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ရွာမပိုင်းရပ်ကွက်၊ ကန်စွန်းနွယ်(၈)လမ်းသွယ်နှင့် (၉)လမ်း သွယ်များကို ​မေ ၂၄ ရက်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းနိုင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်လေးလေးမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးထူးကျော်၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးသန်းဦး ၊ နွယ်ခွေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်မြ၊ ရွာမပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြမောင်နှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများသည် ကွင်းဆင်းစစ်ဆေးခဲ့​ကြောင်း သိရသည်။

ထို့​နောက် အဆိုပါရုပ်ရှင်ရုံရိုးမြောင်း အမှိုက်သရိုက်များပိတ်ဆို့နေသဖြင့် မြို့နယ်စည် သာယာဌာနမှ အင်အား(၃၀)ဦး၊ ရွာမရပ်ကွက်မှ အင်အား(၁၀၀)ဦး၊ နွယ်ခွေကျေးရွာအုပ်စုမှ အင်အား(၅ဝ)ဦးဖြင့် ​မေ ၂၅ ရက်တွင် ရှင်းလင်းဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

အဆိုပါရေမြောင်းသည် ရုပ်ရှင်ရုံရိုးချောင်းဟုခေါ်တွင်ပြီး အရှည်ပေ(၈၀၀၀)ခန့် ရှည်လျားကာ လှော်ကားကန်မှစတင်အခြေပြု၍ တိလောကာရုံရပ်ကွက်၊ လမ်းဆုံပိုင်းရပ် ကွက်၊ ထောက်ကြန့်ဈေးပိုင်းရပ်ကွက်၊ ဒု-စံပြရပ်ကွက်၊ နွယ်ခွေကျေးရွာအုပ်စု၊ ရွာမ ရပ်ကွက်များကိုဖြတ်သန်းပြီးနောက် ရွာမရပ်ကွက်၊ ကန်စွန်းနွယ်အပိုင်အနီးရှိ ဘားလား ချောင်းအတွင်းသို့စီးဝင်ခဲ့​ကြောင်း သိရသည်။

ယင်းရိုးမြောင်းအား မြို့နယ်စည်ပင်သာဌာနမှ ရက်(၁၀၀)ကာလ အထူးသန့်ရှင်းရေး ဆောင်ရွက်မှုအနေဖြင့် ရွာမရပ်ကွက်၊ မြရတုလမ်းအပိုင်အတွင်း ​မေ ၁၈ ရက်လူအင်အားဖြင့်ရှင်းလင်းဆောင်ရွက်ခဲ့ပြီး အမှိုက်များပိတ်ဆို့နေ သည့်နေရာသည် ရွာမရပ်ကွက်နှင့် နွယ်ခွေကျေးရွာအုပ်စုအကြားရှိ နတ်စင်လမ်းဘေးတွင် (၂၀၀)ပေခန့်သည် အမှိုက်များပိတ်ဆို့လျက်ရှိကြောင်း၊ ရိုးမြောင်း၏ အကျယ်သည် (၁၀)ပေဝန်းကျင်ခန့်ရှိသော်လည်း ရေမြောင်းအတွင်းသို့ ရပ်ကွက်နေပြည်သူများမှ အမှိုက်များစွန့်ပစ်သောကြောင့် ရေမြောင်း ပိတ်ဆို့နေသဖြင့် ရေမြောင်း၏အချို့နေရာများတွင် ကျဉ်းမြောင်းကာ ရေစီးရေလာ ကောင်းမွန်ခြင်းမရှိခြင်းဖြစ်​ကြောင်းသိရသည်။

ရေရှည်တွင် ရေစီးရေလာကောင်းမွန်စေရန်အတွက် မြို့နယ်စည်ပင်သာယာဌာနမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ အဆိုပါရိုးမြောင်းအားရှင်းလင်းရန် ဘက်ဟိုးယာဉ်တစ်စီးအား တင်ပြ တောင်းခံထားပြီးရရှိပါက ယာဉ်ယန္တရားဖြင့် ရှင်းလင်းဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

Most Read

Most Recent