ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ဇူလိုင် ၁၂ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့၏ အလွတ်သဘောအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက သဘာပတိအဖြစ် ဦးဆောင်ကျင်းပခဲ့ကြောင်း ဖိလစ်ပိုင်၏ Bilyonaryo သတင်းဝက်ဘ်ဆိုက်၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
လာဇာရိုသည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ၏ အထူးသံတမန်အဖြစ် တာဝန်ယူထားသူဖြစ်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကက်ကောသည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့်ပြုလုပ်သည့် အဆိုပါ ဆွေးနွေးပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းသည် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ကျော်လွှားနိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် ၅ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ပြုလုပ်သည့် ဆွေးနွေးပွဲဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံတို့မှလွဲပြီး ကျန်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအားလုံး တက်ရောက်ခဲ့သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့၏ အစည်းအဝေးမတိုင်မီ တစ်ရက်အလိုဖြစ်သည့် ဇူလိုင် ၁၁ ရက်ကလည်း သီဟဆက်နှင့် ဦးတင်မောင်ဆွေတို့သည် နယ်စပ်လုံခြုံရေး၊ မြစ်ချောင်းညစ်ညမ်းမှုနှင့် နယ်စပ်ကုန်သွယ်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံကြား ရေရှည်တည်တံ့ခိုင်မြဲသော ရင်းနှီးသည့် ဆက်ဆံရေးကို ထပ်လောင်းအတည်ပြုခဲ့ကြပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် နယ်စပ်ကုန်သွယ်ရေးကို အထောက်အကူပြုစေရန်နှင့် ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုများ ပိုမိုကောင်းမွန်လာစေရန်အတွက် လုပ်ဆောင်ရမည့် အစီအမံများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု The Nation သတင်းတွင် ဖော်ပြခဲ့သည်။
Ref: Bilyonaryo/ The Nation
Photo- Thailand Ministry of Foreign Affairs















