ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးကောင်းမွန်ပြီး စောင့်ရှောက်မှုအောက်တွင်ရှိနေကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးတင်မောင်ဆွေက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လာဇာရိုသည် ၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာဏာကို ရယူခဲ့ပြီးနောက် ထိန်းသိမ်းခံခဲ့ရသည့် အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရန် ကြိုးပမ်းခဲ့သူဖြစ်သည်။
"ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ပြောကြားခဲ့တဲ့ ထုတ်ပြန်ချက်အပေါ် ကျွန်မ မှတ်မိသလောက်ကတော့ သူဟာ ကျန်းမာရေး ကောင်းမွန်နေပါတယ်။ ဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ ဆွေမျိုးတစ်ယောက်လို၊ အစ်မတစ်ယောက်လို သဘောထားပြီး စောင့်ရှောက်သွားမယ်ဆိုတဲ့ အခြေခံအချက်အလက်မျိုးနဲ့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်" ဟု လာဇာရိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လှုံ့ဆော်မှု၊ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲ မသမာမှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှု အပါအဝင် ပြစ်မှုဆိုင်ရာ စွပ်စွဲချက်များစွာဖြင့် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရခြင်းဖြစ်ပြီး မကြာသေးမီက ယင်းပြစ်ဒဏ်၏ သုံးပုံတစ်ပုံကို လျှော့ပေါ့ပေးခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသော်လည်း ၎င်းအား သတ်မှတ်ထားသော နေရာတစ်ခုသို့ ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်း လာဇာရိုက အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ထည့်သွင်းပြောဆိုခြင်းမရှိခဲ့ပေ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကက်ကောကလည်း ဘန်ကောက်တွင် ဇူလိုင် ၁၂ ရက်က ပြုလုပ်ခဲ့သည့် အလွတ်သဘော အစည်းအဝေးအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် ပတ်သက်ပြီး ဦးတင်မောင်ဆွေအနေဖြင့် မေးခွန်းများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ပြောကြားခဲ့သည်
"မြန်မာနိုင်ငံခြားရေးဝန်ကြီး ပြောကြားခဲ့တဲ့ အဆိုပြုချက်တွေကို ကျွန်တော်တို့ဘက်က အတည်ပြု စိစစ်နိုင်ဖို့အတွက် အာဆီယံ အထူးသံတမန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရမယ်ဆိုရင် ပိုပြီး ကောင်းမွန်မယ့်အကြောင်း ကျွန်တော်တို့ဘက်က မှတ်ချက်ပြုခဲ့ပါတယ်" ဟု သီဟဆက်က ပြောကြားခဲ့သည်။
Ref: Reuter















