ပြစ်ဒဏ်ကျခံပြီးသူ မြန်မာနိုင်ငံသား ၉၀ ကျော်ကို ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ပြန်ပို့ခဲ့ကြောင်း သိရသည်။
မေ ၁၃ ရက်က တနသ်ာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့သို့ ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့လွတ်မြောက်လာသူ မြန်မာရွှေ့ပြောင်းလုပ်သားများအား ပို့ဆောင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံ၏တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်၍ ပြစ်ဒဏ်ကျခံပြီးသူများဖြစ်ပြီး ကျား ၆၆ ဦး၊ မ ၂၆ ဦး စုစုပေါင်း ၉၂ ဦးတို့အား ရနောင်းမြို့အခြေစိုက် အလုပ်သမားသံအရာရှိ ဦးအောင်စိုးသန်း ဦးဆောင်၍ ပဲ့ချိတ်စက်လှေခြောက်စင်းဖြင့် လာရောက်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို တာဝန်ရှိသူများက ကြိုဆိုပြီး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိ/မရှိ စစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက်များ ရယူခြင်း၊ အမည်မည်းစာရင်းတွင် ပါဝင်သူများ၊ လူကုန်ကူးမှုဖြင့် အလိုရှိသူများ၊ လူကုန်ကူးခံရသူများ၊ တရားခံပြေးများ ပါဝင်လာခြင်းရှိ/မရှိ စစ်ဆေးပြီး နေရပ်အသီးသီးသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။















