■ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ထိုင်းဘုရင့်တပ်မတော်မှ Lt. Gen. Warathep Boonya ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံ

■ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ထိုင်းဘုရင့်တပ်မတော်မှ Lt. Gen. Warathep Boonya ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံ
Published 2 July 2026

■ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးအပါအဝင် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်​ရေး​ဆွေး​နွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော (၃၈)ကြိမ်မြောက် မြန်မာ - ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးသို့တက်ရောက်ခဲ့သည့် ထိုင်းဘုရင့် တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Lt. Gen. Warathep Boonya ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ဇူလိုင် ၁ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လာရောက် တွေ့ဆုံခဲ့​ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော (၃၈) ကြိမ်မြောက် မြန်မာ - ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီ အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် ခိုင်မာအောင်ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့မှုများအပေါ် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားသည့်စိတ်၊ အိမ်နီးချင်းကောင်း ပီသသည့် စိတ်ဓာတ်တို့ဖြင့် ကူညီကယ်ဆယ်ရေးအဖွဲများနှင့် ထောက်ပံ့ပစ္စည်းများ စေလွှတ် ပေးအပ်သည့်အတွက် များစွာကျေးဇူးတင်ရှိမှု၊ နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေး ခရီးစဉ်များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ အားကစားအဖွဲ့များနှင့် သင်တန်းသားများ အပြန်အလှန် စေလွှတ်ရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာ များကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် အခြေအနေများ၊ တရားမဝင် ကုန်သွယ်မှု၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်နှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံယာယီသံရုံးတာဝန်ခံ ထိုင်းဘုရင့် တပ်မတော်မှအရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့​ကြောင်း သိရသည်။ 

Most Read

Most Recent