မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက် ခရိုင်ပညာရေးမှူးရုံးဝင်း နောက်ဘက်ရှိ ညောင်ပင်ကြီးမှ ညောင်ကိုင်းပြုတ်ကျရာမှ နေအိမ်နှစ်လုံး ထိခိုက်ပျက်ဆီးခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
ယနေ့ ဇွန်လ ၂၉ ရက် နံနက် ၇ နာရီဝန်းကျင်အချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်ရှိ မော်လမြိုင်ခရိုင်ပညာရေးမှူးရုံးဝင်း အနောက်ဘက်ရှိ ညောင်ပင်ကြီးမှ လုံးပတ် ၃ ပေခန့်ရှိ ညောင်ကိုင်းကြီးမှာ ခရိုင်ပညာရေးမှူးရုံးနှင့် ကပ်လျှက်ရှိ ယက္ကန်းဝင်းရပ်ဘက်သို့ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်းနှင့် ညောင်ပင်ကြီးနီး မော်လမြိုင်ခရိုင်ပညာရေးမှူးရုံးဝင်းအတွင်းရှိ နေအိမ်နှစ်လုံးမှာ ညောင်ကိုင်းပိကာ ထိခိုက်ပျက်တဆီးမှုများဖြစ်ပေါ်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “အဲ့ဒီညောင်ပင်ကြီးက နှစ်ပေါင်း (၁၀၀) လောက်ရှိပြီး။ ညောင်ပင်ကြီးရဲ့လုံးပတ်က (၆) ကျော်ရှိတယ်။ အဲ့ဒီအပင်ကြီးရဲ့ လုံးပတ် (၃) ပေကျော်ရှိ ညောင်ကိုင်းကြီးက မိုးသည်းထန်စွာရွာနေတဲ့အချိန်မှာ ပြုတ်ကျလာတာပါ။ အိမ်တစ်လုံးကပြိုလုနီးပါးဖြစ်သွားတယ်။ နောက်အိမ်တစ်လုံးက နောက်ဖေးတစ်ခြမ်းပြိုကျသွားတယ်။ လူထိခိုက်မှုတော့ မရှိဘူး” ဟု ပြောကြားသည်။
ထို့အတူ ယက္ကန်းဝင်းရပ်ရှိအနေအိမ်တစ်လုံးမှာလည်း ထိခိုက်မှုအနည်းငယ်ဖြစ်ခဲ့သေးကြောင်း ၎င်းကဆက်လက်ပြောကြားသ်ည။
ထို ညောင်ကိုင်းပြုတ်ကျနေမှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ Rescue Team နှင့်အတူ မော်လမြိုင်မြို့ခံ လူမှုကူညီကယ်ဆယ်ရေးအသင်းများ၊ ရပ်ကွက်နေပြည်သူများမှ ရှင်းလင်းဖယ်ရှားမှုများလုပ်ဆောင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ (၈) ရက်နေ့ကလည်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့၊ အောက်ကျင်းရပ်ကွက်ရှိ ရွှေလမင်းပုဂ္ဂလိကဆေးရုံဝင်းအတွင်းရှိ ညောင်ပင်ကြီးမှာလည်း အမြစ်မှကျွတ်ကာလဲပြိုကျမှုဖြစ်ပွားခဲ့သေးသည့်အပြင် မော်လမြိုငမြို့ပေါ်ရှိ အပင်တချို့မှာလည်း လဲပြိုကျမှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။















