ရန်ကုန်တိုင်းအတွင်း ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ပြောကြားသည်။
မေ ၂၉ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)ရုံးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန တို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်း များနှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ SOP အတိုင်း လုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တိုးတက် ပြောင်းလဲလာသော နည်းပညာများကို စဉ်ဆက်မပျက် လေ့လာသင်ယူပြီး မိမိကိုယ်ကို အရည်အချင်း ပြည့်ဝအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်သော အဆောက်အဦ၊ လမ်း၊ တံတားနှင့် မြို့ပြအိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ အခက်အခဲများရှိပါက အဆင့်ဆင့် တင်ပြကြရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အကောက်ခွန်ဦးစီးဌာန (၃)ထပ်ရုံး အဆောက် အဦအား ရှေးမူမပျက် အကြီးစားပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ခံ အင်ဂျင်နီယာမှ အဆောက်အဦပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်း တင်ပြခဲ့ရာ ဒုတိယဝန်ကြီးမှ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆောက်အဦ၏ ခံနိုင်ရည်အင်အားကို စစ်ဆေးတွက်ချက်ပြီး ပျက်စီးယိုယွင်းနေသော အစိတ်အပိုင်းများကို ပြုပြင်ရမည့် လုပ်ငန်းများအား အရည်အသွေး စံချိန်စံညွှန်းနှင့်အညီ ရှေးမူမပျက် ပြုပြင်ဆောင်ရွက်သွားရန်၊လုပ်ငန်းများ အချိန်မီ ပြီးစီးအောင် အားလုံးပူးပေါင်းဆောင်ရွက်သွားရန်၊ ဆောင်ရွက် ရမည့် လုပ်ငန်းများကို တာဝန်ရှိသူများအား ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့အာမခံလုပ်ငန်း ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ၊ (၄)ထပ် (၂)လုံး တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ခံ အင်ဂျင်နီယာမှ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာတွင် ဒုတိယဝန်ကြီးမှ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်၊ မြို့ပြ / ရေသန့် / လျှပ်စစ် လုပ်ငန်းများကို တစ်ပြိုင်တည်းပြီးစီးအောင် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လုပ်ငန်း ဆောင်ရွက်နေမှုတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။















