■ ဈေးကွက်အတွင်း စာအုန်းဆီတစ်ပိဿာ ကျပ် ၁၈၀၀၀ မှ ၂၀၀၀၀ ကြားဖြစ်နေမှုနှင့်ပတ်သက်၍ ပြည်သူများ မနစ်နာရအောင် စိစစ်ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား 

■ ဈေးကွက်အတွင်း စာအုန်းဆီတစ်ပိဿာ ကျပ် ၁၈၀၀၀ မှ ၂၀၀၀၀ ကြားဖြစ်နေမှုနှင့်ပတ်သက်၍ ပြည်သူများ မနစ်နာရအောင် စိစစ်ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား 
Published 11 July 2026

ဈေးကွက်အတွင်း စားအုန်းဆီတစ်ပိဿာ ကျပ် ၁၈၀၀၀ မှ ၂၀၀၀၀ ကြားဖြစ်နေမှုနှင့်ပတ်သက်၍ ပြည်သူများ မနစ်နာရအောင် စိစစ်ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားသည်။

လတ်တလောတွင် ပြည်သူများ စားအုန်းဆီတစ်ပိဿာကို ဈေးကွက်ပေါက်ဈေး ကျပ် ၁၈၀၀၀ မှ ၂၀၀၀၀ ကြား ပေးဝယ်နေရသည်ဟု မီဒီယာများတွင် တွေ့မြင်နေရမှုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ၎င်းအသုံးပြုသည့် တယ်လီဂရမ်အကောင့်တွင် အထက်ပါအတိုင်း ရှင်းလင်းပြောကြားခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် နိုင်ငံတော်က သက်သာသည့် ဈေးနှုန်းဖြင့် စားအုန်းဆီများ ဖြန့်ဖြူးပေးနေသော်လည်း အချို့သောပြည်သူအနေဖြင့် ဈေးကွက်ထဲတွင် ဈေးနှုန်းအမြင့် ပေးဝယ်နေရခြင်းများ ရှိနေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ 

“နိုင်ငံတော်က ဆီတစ်ပိဿာကို ၇၀၀၀ နဲ့ ၉၀၀၀ ကြား ဒီနှုန်းနဲ့ ရောင်းပေးနေပေမယ့် စာအုပ်နဲ့ မဟုတ်တဲ့ ပြည်သူတွေရဲ့ လက်ထဲကို ရောက်တဲ့အချိန်မှာတော့ စာအုန်းဆီတစ်ပိဿာ ၁၈၀၀၀ ကနေ ၂၀၀၀၀ ကြားဖြစ်နေတာက ဝိသမလောဘသားတွေကြောင့်ပါပဲ။ ဒါကြောင့် ပြည်သူတွေ မနစ်နာရအောင် ဒါနဲ့ပတ်သက်ပြီးတော့လည်း စိစစ်ဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်း ပြောကြားလိုပါတယ်ရှင့်”ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ 

နိုင်ငံတော်အနေဖြင့် စားသုံးဆီဖူလုံရေးကို အလေးထားဆောင်ရွက်နေပြီး ယခုလက်ရှိ ပြည်သူများ၏ စားသုံးဆီလိုအပ်ချက် မပြတ်လပ်စေရန်နှင့် ဈေးကွက်တည်ငြိမ်နေရန် နိုင်ငံတော်က နိုင်ငံခြားငွေအခြေအနေ ချင့်ချိန်ပြီး၍ စားအုန်းဆီများကို ဆက်တိုက်တင်သွင်းပေးနေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ 

ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော် အပါအဝင် မြို့ကြီးများတွင် စားအုန်းဆီ လုံလောက်စွာရရှိရေးကိုလည်း အလေးထားဆောင်ရွက်နေပြီး ပြည်သူများ၏ စားအုန်းဆီလိုအပ်ချက် ဖြည့်တင်းရန် နိုင်ငံတော်က တစ်လလျှင် စားအုန်းဆီတန်ချိန် ၅၀၀၀၀ ကျော် တင်သွင်းရကြောင်း ၎င်းက ဆိုသည်။

 

တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၁၅၀ ဖြင့် တန်ချိန် ၅၀၀၀၀ ကျော်အတွက် အမေရိကန်ဒေါ်လာ ၅၈ သန်းကျော် အကုန်ကျခံကာ ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး တင်သွင်းလာသည့် စားအုန်းဆီများကိုလည်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးနေကာ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ရှိသော ပြည်သူများ သက်သာသည့်ဈေးနှုန်းဖြင့် ဝယ်ယူနိုင်အောင် စီစဉ်ပေးထားကြောင်းလည်း ၎င်းက ရှင်းလင်းပြောကြားသည်။ “အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးက လူဦးရေများပြားပြီးတော့မှ စားသုံးမှုလိုအပ်ချက်လည်း မြင့်မားတာကြောင့် အခြားဒေသတွေထက် ပိုပြီးတော့ ခွဲတမ်းချပေးထားပါတယ်။ ရန်ကုန်တိုင်းမှာဆိုရင် လူတစ်ဦးကို တစ်လကို တစ်ပိဿာ ၂၄ ကျပ်သားနှုန်းနဲ့ ခွဲတမ်းချပေးထားပါတယ်”ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားသည်။

 

မြန်မာနိုင်ငံတွင် မြေပဲ၊ ပဲပုတ်၊ နေကြာနှင့် နှမ်းတို့မှ တစ်နှစ်လျှင့် စားသုံးဆီတန်ချိန် ၂၈၀၀၀၀ ခန့် ထုတ်လုပ်သော်လည်း ယင်းပမာဏသည် ပြည်သူများ၏ စားသုံးဆီလိုအပ်ချက် မလုံလောက်သည့်အတွက် ပြည်ပမှ စားအုန်းဆီတန်ချိန် ၆၄၀၀၀၀ ကျော် တင်သွင်းနေရကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်ပတင်သွင်းမှု နှစ်ခုပေါင်းလိုက်ပါက တစ်နှစ်အတွင်း စားသုံးဆီတန်ချိန် စုစုပေါင်း ၉၂၁၀၀၀ ကျော်ရှိကြောင်း ၎င်းက ပြောကြားသည်။

ယင်းပမာဏကို မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ နှင့် တွက်ကြည့်ပါက လူတစ်ယောက်သည် တစ်နှစ်လျှင် စားသုံးဆီ ပျမ်းမျှ ၁၁ ပိဿာခန့် စားသုံးနေသည်ကို တွေ့ရကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အကြံပြုချက်အရ လူတစ်ဦးသည် တစ်နှစ်လျှင် စားသုံးဆီ ၆ ဒသမ ၅ ပိဿာခန့်သာ စားသုံးသင့်သော်လည်း မြန်မာနိုင်ငံတွင် လိုအပ်သည့်ပမာဏထက် များစွာကျော်လွန်၍ စားသုံးနေခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားသည်။

 

Most Read

Most Recent