■ တူရကီသမ္မတအာဒိုဂန်က နေတိုးခေါင်းဆောင်တစ်ဦးချင်းစီကို ခြောက်လုံးပြူးသေနတ်တစ်လက်စီ လက်ဆောင်ပေး

■ တူရကီသမ္မတအာဒိုဂန်က နေတိုးခေါင်းဆောင်တစ်ဦးချင်းစီကို ခြောက်လုံးပြူးသေနတ်တစ်လက်စီ လက်ဆောင်ပေး
Published 10 July 2026

တူရကီသမ္မတ ရီဆက် တေယစ် အာဒိုဂန်သည် အန်ကာရာမြို့တော်တွင် ပြုလုပ်သည့် နေတိုး ထိပ်သီးအစည်းအဝေးအပြီးတွင် နေတိုးခေါင်းဆောင်တစ်ဦးချင်းစီကို ခြောက်လုံးပြူးသေနတ်တစ်လက်စီ လက်ဆောင်ပေးခဲ့ကြောင်း The Guardian သတင်းစာက ဖော်ပြခဲ့သည်။ပုံမှန်မဟုတ်ဘဲ ထူးခြားနေသည့် ခြောက်လုံးပြူး လက်ဆောင်အကြောင်းကို ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက စတင်ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

စတာမာသည် အန်ကာရာမြို့မှ ဗြိတိန်သို့ ပြန်သည့် လေယာဉ်ပေါ်တွင် ၎င်းနှင့် အခြားနေတိုးခေါင်းဆောင်များသည် မိမိတို့၏ အမည်များ ရေးထိုးထားသည့် ခြောက်လုံးပြူးသေနတ်တစ်လက်စီ လက်ဆောင်ရရှိခဲ့ကြကြောင်း ပြောကြားခဲ့သည်။ထို့ပြင် ခြောက်လုံးပြူးသေနတ်နှင့်အတူ ကျည်ဆန်အစစ် ၆ တောင့်လည်းပါဝင်ပြီး အဆိုပါလက်နက်များကို ပြည်ပပို့ကုန်ထိန်းချုပ်မှု ဥပဒေများမှ ကင်းလွတ်ခွင့်ပြုကြောင်း ရေးသားထားသည့် မှတ်စုစာတစ်စောင်လည်း ပါဝင်သည်။ဟန်ဂေရီဝန်ကြီးချုပ် ပီတာ မာဂျာကလည်း တူရကီသမ္မတအာဒိုဂန်ထံမှ ၎င်း၏ အမည်ရေးထိုးထားသည့် ခြောက်လုံးပြူးသေနတ်နှင့် ကျည်ဆန်များ လက်ဆောင်ရရှိခဲ့ကြောင်း X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် ဘတ်ဒီဝေဗာကမူ ဘယ်လ်ဂျီယံနိုင်ငံသို့ လေယာဉ်ဆင်းသက်ပြီးချိန်တွင် တူရကီသမ္မတ၏ လက်ဆောင်သည် ခြောက်လုံးပြူးသေနတ်ဖြစ်နေကြောင်း သိရှိခဲ့ပြီး အလွန်အံ့အားသင့်ခဲ့သည်ဟု အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်ကမူ ယခုလက်ဆောင်အတွက် အာဒိုဂန်ကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အဆိုပါခြောက်လုံးပြူးကို စစ်ဘက်ဆိုင်ရာ ပြတိုက်တစ်ခုသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ပိုလန်သမ္မတ ကာရို နာဗရော့စကီးကို ပေးအပ်သည့် ခြောက်လုံးပြူးသည် ပိုလန်သို့ ဘေးကင်းလုံခြုံစွာ ရောက်ရှိသွားခဲ့သော်လည်း လိုအပ်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခဲ့ရသည်ဟု ဆိုသည်။

အဘယ်ကြောင့်ဆိုသော် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက ပိုလန်ရဲချုပ်သည် ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ချိန်တွင် လက်ဆောင်အဖြစ် ရရှိခဲ့သည့် တင့်ကားဖျက်ဗုံးပစ်လောင်ချာ တစ်ခုကို ယူဆောင်လာခဲ့ပြီးနောက် ထိုလက်နက်သည် ဝါဆောမြို့တော်ရှိ ရဲချုပ်ရုံးခန်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ရဲချုပ်ကိုယ်တိုင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ဗဟိုရဲဌာနချုပ်အဆောက်အအုံလည်း ထိခိုက်ပျက်စီးခဲ့ခြင်းကြောင့် ဖြစ်သည်။ဗြိတိန်ဝန်ကြီးချုပ် စတာမာ၊ ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ် မားဇ်နှင့် နယ်သာလန်ဝန်ကြီးချုပ် ရော့ဘ် ဂျက်တန်တို့ ရရှိခဲ့သည့် ခြောက်လုံးပြူးသေနတ်များ အပါအဝင် အချို့သေနတ်များမှာမူ လက်ရှိအချိန်အထိ အန်ကာရာမြို့တော်တွင်ပဲ ကျန်ရှိနေဆဲဖြစ်သည်။

တည်ဆဲဥပဒေများအရ အမှန်တကယ် ပစ်ခတ်နိုင်သည့် သေနတ်များကို သယ်ဆောင်ခြင်းသည် လွယ်ကူရိုးရှင်းမှုမရှိပေ။ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနီကမူ ၎င်း၏ ခြောက်လုံးပြူးသေနတ်ကို ယူဆောင်သွားခဲ့သော်လည်း ကျည်ဆန်များကိုမူ တူရကီတွင် ချန်ထားခဲ့ကြောင်း ကနေဒါအရာရှိများက ပြောကြားခဲ့သည်။

ဆွီဒင်ဝန်ကြီးချုပ် အုဖ် ခရစ္စတာဆင်ထံ ပေးအပ်ခဲ့သည့် ခြောက်လုံးပြူးသေနတ်ကိုမူ တည်ဆဲလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆွီဒင်နိုင်ငံသို့ သယ်ဆောင်သွားရမည်ဖြစ်ကြောင်း ၎င်း၏အဖွဲ့က ထုတ်ပြန်ခဲ့သည်။

Ref: The Guardian 

Photos - AFP

#တူရကီသမ္မတအာဒိုဂန် #နေတိုးခေါင်းဆောင် #elevennews

Most Read

Most Recent