အီဘိုလာရောဂါကူးစက်မှုများသည် တောကောင်သားများ စာသုံးမှုနှင့်ဆက်နွှယ်မှုရှိနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့သည်။
လက်ရှိတွင် အီဘိုလာရောဂါကူးစက်မှုများ မြင့်တက်နေသည့် ဒီအာကွန်ဂိုနိုင်ငံနှင့် အလယ်အာဖရိက၊ အနောက်အာဖရိက ဒေသများတွင် နေထိုင်သူများအတွက် တောရိုင်းတိရိစ္ဆာန်များ၏အသား သို့မဟုတ် တောကောင်သားများသည် အလွန်နှစ်သက်သည့် အစားအစာတစ်ခုဖြစ်သည်။
ထို့ပြင် တောကောင်သားများသည် ၎င်းတို့၏ ယဉ်ကျေးမှုနယ်ပယ်တွင် အဓိကကျသော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
ကမ္ဘာ့ ဒုတိယအဆုတ်ဟု တင်စားခေါ်ဝေါ်သည့် ကျယ်ပြောလှသော ကွန်ဂိုမြစ်ဝှမ်း သစ်တောဂေဟစနစ်မှ ထွက်ရှိသည့် တောကောင်သား ဝယ်လိုအားသည် အလွန်မြင့်မားလှသည်။
ကွန်ဂိုမြစ်ဝှမ်းဒေသသည် မျောက်ဝံများမှအစ မြွေအမျိုးမျိုးအထိ တောရိုင်းတိရစ္ဆာန်မျိုးစုံရှိပြီး ထိုသတ္တဝါအားလုံးသည် အမဲလိုက်ခြင်း ခံနေရသည်။
နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် ဒေသခံများအတွက် အီဘိုလာရောဂါကဲ့သို့ တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်တတ်သော ရောဂါများနှင့် ထိတွေ့ကူးစက်နိုင်ခြေ အန္တရာယ်ကို ကြုံတွေ့နေရခြင်း ဖြစ်သည်။
အီဘိုလာဗိုင်းရပ်စ်သည် ယေဘုယျအားဖြင့် အစားအစာမှတစ်ဆင့် ကူးစက်ပြန့်ပွားခြင်း မရှိသော်လည်း၊ အာဖရိကတွင် ဖြစ်ပွားခဲ့သော ကူးစက်မှုဖြစ်စဉ်များသည် ရောဂါပိုးရှိသော တိရစ္ဆာန်များကို အမဲလိုက်ခြင်း၊ ခုတ်ထစ်ခြင်းနှင့် အသားကိုင်ခြင်းတို့နှင့် ဆက်စပ်နေကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) က ပြောကြားခဲ့သည်။
"လူ၊ တိရစ္ဆာန်နဲ့ သဘာဝပတ်ဝန်းကျင်တို့ကြား ထိတွေ့ဆက်ဆံမှု ရှိလာပြီဆိုတာနဲ့ ကျွန်တော်တို့ဆီမှာ ဒီလိုရောဂါကူးစက်ပြန့်ပွားမှုတွေ ခဏခဏ ဖြစ်ပွားလေ့ရှိပါတယ်။ ဒါကြောင့်မို့လို့ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ လူ၊ တိရစ္ဆာန်နဲ့ ပတ်ဝန်းကျင် ကျန်းမာရေး အားလုံးကို စောင့်ရှောက်တဲ့စနစ်ဟာ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဟာ လင်းနို့တွေနဲ့ အမြဲထိတွေ့နေရဆဲ ဖြစ်သလို ကျွန်တော်တို့ရဲ့ မုဆိုးတွေကလည်း မျောက်တွေကို သတ်ဖြတ်နေတုန်းပဲ ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နဲ့လည်း အနီးကပ် ရှိနေလို့ပဲ ဖြစ်ပါတယ်" ဟု အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (Africa CDC) မှ ဒေါက်တာ တိုလ်ဘတ် ဂျီဝီလေ ညန်ဆွာ (Dr. Tolbert Geewleh Nyenswah) က ပြောကြားခဲ့သည်။
ဒီအာကွန်ဂိုအစိုးရသည် မေ ၁၅ ရက်နေ့တွင် အီဘိုလာရောဂါကူးစက်ပြန့်ပွားမှုကို ကြေညာခဲ့ပြီးကတည်းက သံသယလူနာ ၁၀၀၀ ကျော်ရှိပြီး လူ ၂၂၀ သေဆုံးခဲ့ကြောင်း အတည်ပြုထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကမူ ကူးစက်မှုပမာဏသည် လက်ရှိသတင်းထုတ်ပြန်ထားသည်ထက် ပိုမိုများပြားနိုင်သည်ဟု သံသယရှိနေသည်။
ကွန်ဂိုမြစ်၏ မြစ်လက်တက်တစ်ခုကို အစွဲပြု၍ အမည်ပေးထားသော အီဘိုလာဗိုင်းရပ်စ်ကို ၁၉၇၆ ခုနှစ်တွင် ကွန်ဂိုနိုင်ငံနှင့် ယခုလက်ရှိ တောင်ဆူဒန်နိုင်ငံတို့၌ တစ်ချိန်တည်းတွင် ရောဂါကူးစက်မှုများ စတင်ဖြစ်ပွားခဲ့ရာမှ ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ရောဂါကူးစက်ပြန့်ပွားမှုများသည် လင်းနို့ကဲ့သို့သော ရောဂါပိုးရှိသည့် တိရစ္ဆာန်မှတစ်ဆင့် လူသားများထံသို့ ဗိုင်းရပ်စ်ကူးစက်ရာမှ စတင်ဖြစ်ပွားလေ့ရှိသည်ဟု ယူဆထားကြသည်။
ယခုကဲ့သို့ မျိုးစိတ်တစ်ခုမှတစ်ခုသို့ ကူးစက်ခြင်းများသည် လူသားများက တောကောင်သားများကို ကိုင်တွယ်ခြင်းနှင့် စားသုံးခြင်းတို့မှ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ကြသည်။
လက်ရှိ ဒီအာကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင် ဖြစ်ပွားနေသော ကူးစက်မှုသည် အတည်ပြုထားသည့် ဆေးဝါး သို့မဟုတ် ကာကွယ်ဆေး မရှိသေးသော ရှားပါးအီဘိုလာဗိုင်းရပ်စ် အမျိုးအစားတစ်ခုဖြစ်သည့် Bundibugyo ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်း ဖြစ်သည်။
Ref: AP
Photos- AP















