အမေရိကန်အနေဖြင့် စစ်ပွဲကို ပြန်လည်စတင်ရမည့် အခြေအနေသို့ ရောက်ရှိလာပါက အီရန်နိုင်ငံသည် ဆက်လက် တည်ရှိတော့မည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇွန် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
အီရန်က ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောများ သွားလာမှုကို တိုက်ခိုက်ခဲ့ခြင်းအပေါ် တုံ့ပြန်မှုတစ်ခုအနေဖြင့် အမေရိကန်တပ်ဖွဲ့များက ဇွန် ၂၇ ရက်တွင် အီရန်၏ ပစ်မှတ်အများအပြားကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် ထရန့်၏ ခြိမ်းခြောက်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။
"အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ထပ်မံချိုးဖောက်တဲ့အတွက် အမေရိကန် လေယာဉ်တွေဟာ အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းသိုလှောင်ရုံတွေ၊ ကမ်းရိုးတန်း ရေဒါစခန်းတွေကို အခုပဲ တိုက်ခိုက်လိုက်ပါပြီ" ဟု ထရန့်က Truth Social လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။
"ကျွန်တော်တို့ဘက်က အကျိုးသင့်အကြောင်းသင့် ညှိနှိုင်းလို့ မရတော့တဲ့ အခြေအနေတစ်ခု ရောက်လာနိုင်ပြီး၊ ကျွန်တော်တို့ အောင်အောင်မြင်မြင် စတင်ခဲ့တဲ့ အလုပ်ကို စစ်ရေးအရ အဆုံးသတ်ဖို့ အခြေအနေကို ရောက်ရှိလာပါလိမ့်မယ်။ အဲဒီလိုသာ ဖြစ်လာခဲ့ရင် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံဟာ နောက်ထပ် ရှိတော့မှာ မဟုတ်ပါဘူး။" ဟု ထရန့်က ရေးသားခဲ့သည်။
Ref:AFP















