ကမ္ဘောဒီးယားနိုင်ငံတွင် ရဲအရာရှိများအဖြစ် ဟန်ဆောင်ပြီး တရုတ်နိုင်ငံသားများထံမှ ငွေညှစ်ခဲ့မှုနှင့်ပတ်သက်ပြီး တရုတ်နှင့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးရမိခဲ့ကြောင်း Khmer Times သတင်းတွင် ဖော်ပြခဲ့သည်။
ယင်းကဲ့သို့ ငွေညှစ်ခံခဲ့ရသည့် တရုတ်နိုင်ငံသားတန်ကိုင်ယူ (၃၂ နှစ်) ၏ တိုင်ကြားချက်အရ ယခုအမှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
တန်က ၎င်းအား ၂၀၂၆ ခုနှစ် မေ ၉ ရက် နံနက် ၁ နာရီခွဲခန့်တွင် ရဲအရာရှိများဟု အခိုင်အမာ ပြောဆိုထားသည့် တရုတ်နိုင်ငံသား သုံးဦးပါဝင်သည့် ဂိုဏ်းတစ်ခုက ပြန်ပေးဆွဲသွားခဲ့ကြောင်း ကမ္ဘောဒီးယားရဲတပ်ဖွဲ့ကို တိုင်တန်းခဲ့သည်။
သံသယရှိသူများသည် ၎င်းအား ဖနွမ်ပင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟောင်းအနီးရှိ နေရာတစ်ခုသို့ ခေါ်ဆောင်သွားပြီးနောက် ငွေညှစ်ခဲ့ကြခြင်းဖြစ်သည်။
၂၀၂၆ ခုနှစ် မေလ ၁၅ ရက်နေ့တွင်မူ ကမ္ဘောဒီးယား မှုခင်းရဲတပ်ဖွဲ့က သံသယရှိသူ ရှစ်ဦးကို ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသူ ရှစ်ဦးအနက် ငါးဦးမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး သုံးဦးမှာ မြန်မာနိုင်ငံသားများဖြစ်သည်။
ဖမ်းဆီးရမိပြီးနောက် သံသယရှိသူများကို စစ်ဆေးမေးမြန်းရန်နှင့် နောက်ဆက်တွဲလုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရန် မှုခင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းအပ်နှံခဲ့သည်။
■ Ref: Khmer Times














