■ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့ဆေးရုံ၊ (၂)ထပ် ဆေးကုသဆောင်သစ်ဖွင့်လှစ်

■ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့ဆေးရုံ၊ (၂)ထပ် ဆေးကုသဆောင်သစ်ဖွင့်လှစ်
Published 17 June 2026

ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့ဆေးရုံ၊ (၂)ထပ် ဆေးကုသဆောင်သစ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 ဇွန်လ ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့ဆေးရုံ၊ (၂)ထပ် ဆေးကုသဆောင် သစ်ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊  နံနက်ပိုင်းတွင် ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

 ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လူမှုရေးရာဝန်ကြီးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က (၂)ထပ် ဆေးကုသဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆောက်အဦသစ်အတွင်းရှိ လူနာဆောင်များ၊ ခွဲစိတ်ခန်းနှင့် သွားခံတွင်းဆေးကုသမှုဌာနများကို လှည့်လည်ကြည့်ရှုကာ ဆေးရုံတက်ရောက်နေသော လူနာများကို စားသောက်ဖွယ်ရာများ ပေးအပ်သည်။

အဆိုပါအဆောက်အအုံသစ်သည် (၁၆,၈၀၀)စတုရန်းပေ ကျယ်ဝန်းပြီး ခွဲစိတ်ခန်းပါ RC (၂)ထပ် အဆောက်အဦဖြစ်ကာ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်မှစတင်၍ နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေ ကျပ် (၁၇၈၉.၄၄၅)သန်း အသုံးပြုကာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁)က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်နေ လူဦးရေ (၄)သိန်းကျော်ကို ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများ လွှမ်းခြုံဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

ထို့နောက် ဇွန်လ ၁၁ ရက်နေ့က ခွဲစိတ်ကုသခဲ့သော ရင်ချင်းဆက်အမြွှာ မကြာညိုသင်းနှင့် မကြာညိုသိမ့် ကလေးငယ်နှစ်ဦးအား ကြည့်ရှု၍ လက်‌ဆောင်များ ပေးအပ်ပြီး အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီးနှင့် ခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးကာ ခွဲစိတ်ကုသမှုဆောင်ရွက်ပေးခဲ့သည့် ဆေးအဖွဲ့များအတွက်ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းနှင့် ရင်ချင်းဆက်အမြွှာကလေးနှစ်ဦး၏ ခွဲစိတ်ပြီး (၅)ရက်မြောက်နေ့ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လျက်ရှိသည်။



 





 

Most Read

Most Recent