အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်းတွင် ဇွန် ၁၆ ရက်က အနက်တိမ်သော ပြင်းအား ၆ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူတစ်ဦးသေဆုံးပြီး လူပေါင်းတစ်ဒါဇင်ကျော် ဒဏ်ရာရရှိကာ အဆောက်အအုံများနှင့် တံတားများ ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အင်ဒိုနီးရှား မိုးလေဝသ၊ ဇလဗေဒနှင့် ဘူမိရူပဗေဒအေဂျင်စီ၏ အဆိုအရ အဆိုပါ ငလျင်သည် ဆူလာဝေစီကျွန်း ပါလူးမြို့၏ အရှေ့-အရှေ့တောင်ဘက်တွင် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၂၇ မိနစ်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုဒေသတွင် သိသိသာသာ ပြင်းထန်စွာ ခံစားခဲ့ရသော်လည်း ဆူနာမီအန္တရာယ် မရှိခဲ့ကြောင်း သိရသည်။
ပါလူးမြို့အပြင်ဘက် ၂၀ ကီလိုမီတာ (၁၂ မိုင်) ခန့်အကွာရှိ စီဂီ ဒေသတွင် လူတစ်ဦး သေဆုံးပြီး အခြား တစ်ဒါဇင်ကျော် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူ မူဟာရီက ပြောကြားခဲ့သည်။
ငလျင်ကြောင့် ပါလူး၊ စီဂီ နှင့် အနီးနားရှိ ပါရီဂီ မူတွန် တို့တွင် နေအိမ် အလုံးပေါင်းများစွာ ပျက်စီးခဲ့သည့်အပြင် တံတားများ၊ အစိုးရရုံးများနှင့် ဟိုတယ်တစ်ခုလည်း ပျက်စီးခဲ့ကြောင်း အဗ္ဗဒူက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ပါလူးမြို့ခံ နာဟိုက်ဒါသည် ငလျင်လှုပ်ခတ်ချိန်တွင် မီးဖိုချောင်၌ ချက်ပြုတ်နေခဲ့ကြောင်း ပြောပြခဲ့သည်။
"ရုတ်တရက်ကြီး ဆောင့်တွန်းလိုက်သလိုမျိုး ဖြစ်သွားပြီး အိမ်တစ်အိမ်လုံး လှုပ်ခါသွားတော့တာပဲ။ အမိုးတစ်ခုလုံးကလည်း ပြိုကျတော့မလိုမျိုး အသံတွေ မြည်လာတယ်" ဟု အသက် ၄၂ နှစ်အရွယ်ရှိ နာဟိုက်ဒါက အေအက်ဖ်ပီ သတင်းသို့ ပြောကြားခဲ့သည်။
"ကျွန်မလည်း ကလေးတွေအားလုံးကို ခေါပြီး အမြန်ဆုံး အပြင်ကို ပြေးထွက်ခဲ့တယ်။ ခဏတာတော့ ဘာလုပ်ရမှန်းမသိ ယောင်ချာချာ ဖြစ်သွားခဲ့ပေမဲ့ အပြင်ကိုတော့ အချိန်မီ ထွက်နိုင်ခဲ့ကြပါတယ်"ဟု ပြောပြခဲ့သည်။
Ref:AFP
Photo:AFP















