“အခြေခံပညာကျောင်းများတွင် အခြေခံပညာမူလတန်းအဆင့်၌ သင်ကြားနေသော တိုင်းရင်းသားစာပေကို Grade – 4 ၊ Grade – 5 အထိတိုးမြှင့်သင်ကြားသင့်ကြောင်းအဆို” အား  မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့

“အခြေခံပညာကျောင်းများတွင် အခြေခံပညာမူလတန်းအဆင့်၌ သင်ကြားနေသော တိုင်းရင်းသားစာပေကို Grade – 4 ၊ Grade – 5 အထိတိုးမြှင့်သင်ကြားသင့်ကြောင်းအဆို” အား  မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့
Published 16 June 2026

ပြီးခဲ့သည့် ဇွန်လ (၉) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့) တွင် ပေါင်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစံတင် မှ တင်သွင်းခဲ့သော “အခြေခံပညာကျောင်းများတွင် အခြေခံပညာမူလတန်းအဆင့်၌ သင်ကြားနေသော တိုင်းရင်းသားစာပေကို Grade – 4 ၊ Grade – 5 အထိတိုးမြှင့်သင်ကြားသင့်ကြောင်းအဆို” အား  မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့) ယင်းအဆိုနှင့် ပတ်သက်ပြီး ဆွေးနွေးရန် အမည်စာရင်း တင်သွင်းထားသည့် မုဒုံမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဌေးနိုင်၊ ကျိုက်ထိုမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်ထူးတို့မှ ထောက်ခံဆွေးနွေးခဲ့ကြပြီး ချောင်းဆုံမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုဝင်းသန်း တို့က ထက်မံအကြံပြုဆွေးနွေးခဲ့ကြကြောင်း နှင့် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးမျိုးမင်းလှိုင် က ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားအား ရှင်းလင်းပြောကြားခဲ့သည်။

“မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်မွန်တိုင်းရင်းသားစာပေသင်ကြားခြင်းနှင့် မွန်အမျိုးသားပညာရေးဆိုင်ရာများ၊ တိုင်းရင်းသားစာပေများကို Grade – 4 ၊ Grade – 5 အတန်းများတွင် သင်ကြားပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်တင်ပြ အကောင်အထည်ဖေါ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်း ရင်းသားရေးရာဝန်ကြီး ဦးမျိုးမင်းလှိုင်က ပြောကြားခဲ့သည်။

တိုင်းရင်းသားစာပေသင်ကြားပေးမည့်ဆရာ၊ ဆရာမများ လုပ်ခလစာကိုလည်း တိုးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် တိုင်းရင်းသားစာပေသင် ဆရာ၊ ဆရာမများအတွက် လိုအပ်သည့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးနိုင်ရန် ညွန်ကြားဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးသက်ထွေးမှ ပြည်နယ်လွှတ်တော်ကို အဆုံးအဖြတ်ရယူကာ “အခြေခံ ပညာကျောင်းများတွင် အခြေခံပညာမူလတန်းအဆင့်၌ သင်ကြားနေသော တိုင်းရင်းသားစာပေကို Grade – 4 ၊ Grade – 5 အထိတိုးမြှင့် သင်ကြားသင့်ကြောင်းအဆို” အား  မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့ကြောင်း ကြေညာခဲ့သည်။

Grade – 4 ၊ Grade – 5 အတန်းများအတွက် တိုင်းရင်းသားစာပေသင်ကြားနိုင်ရန်အတွက်ကို ပုံနှိပ်စာအုပ်နှင့် သင်ကြားပေးမည့်ဆရာ၊ ဆရာမမများ ပြန်လည်ဖြည့်စွက်ရမယ့်သဘောမျိုးရှိပါကြောင်းနှင့် ပြဌာန်းပုံနှိပ် စာအုပ်နှင့် ပတ်သက်၍လည်း ဝန်ကြီးမှပြောသွားသည့်အတိုင်း Unicef ရန်ပုံငွေဖြင့် ပုံနှိပ်ထားပြီး တိုင်းရင်းသားစာပေယဉ်ကျေးမှုဦးစီးဌာနမှာရှိထားပြီးသားဖြစ်သည်ဟု သိရကြောင်း အဆိုရင် ဦးစံတင် ကပြောကြားသည်။

၎င်းက ဆက်လက်ပြီး “တိုင်းရင်းသားစာပေသင်ကြားကြမယ့် ဆရာ၊ ဆရာမတွေနဲ့ ပတ်သက်ပြီးတော့ ထောက်ပံ့ငွေနည်းလို့ ဆရာ၊ ဆရာမတွေခန့်အပ်တဲ့အခါမှာ အခက်အခဲတွေရှိပေမယ့် သက်ဆိုင်ရာ မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့တွေနဲ့ လက်ရှိတိုင်းရင်းသားရေးရာကော်မတီတွေနဲ့ ပညာရေး ဌာနတို့ ပြည်နယ်အစိုးရအဖွဲ့တို့ ၊ အလှူရှင်တွေနဲ့ ပူးပေါင်းပြီးတော့ ညှိနှိုင်းဆောင်ရွက်သွားရင် လိုအပ်နေတဲ့ ထောက်ပံ့ငွေ ကိစ္စကလည်း ပြေလည်သွားဖို့ရှိပါတယ်” ဟုပြောကြားသည်။

မွန်ပြည်နယ်အတွင်း (၂၀၂၆) ခုနှစ် မတ်လ လချုပ်စာရင်းများအရ မွန်၊ အရှေ့ပိုးကရင်၊ စကောကရင်၊ မြေပြန့်ကရင်၊ ပအိုဝ်း တိုင်းရင်းသားဘာသာစာပေသင်ကြားပေးနေသည့် အခြေခံပညာကျောင်း (၆၁၀)ကျောင်းရှိကြောင်း  မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးမျိုးမင်းလှိုင် ၏ ပြောကြားချက်များအရ သိရသည်။

ဇွန်လ (၁၅) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယ ပုံမှန်အစည်း အဝေး (တတိယနေ့) တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၄) ဦးက မေးခွန်းမေးမြန်းခြင်း နှင့် အဆို တစ်ခုတင်သွင်းခြင်း စသည့်အစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent