အမေရိကန်နှင့်အစ္စရေး ပူးပေါင်း၍ အီရန်အပေါ် ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးသည် ၎င်း၏နိုင်ငံအား အီရန်၏ နျူကလီးယားဖြင့် အမြစ်ပြတ်ချေမှုန်းမည့် ခြိမ်းခြောက်မှုဘေးမှ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်နှင့် အီရန်တို့အကြား သဘောတူညီချက်ရရှိကြောင်း ဇွန် ၁၅ ရက်အစောပိုင်းတွင် ကြေညာခဲ့ပြီးနောက်ပိုင်း ၎င်းပထမဆုံးအကြိမ် လူသိရှင်ကြား ပြောကြားချက်အဖြစ် နေတန်ယာဟုက အစ္စရေးတပ်ဖွဲ့များသည် လက်ဘနွန်၊ ဂါဇာနှင့် ဆီးရီးယားတို့တွင် လိုအပ်သရွေ့ဆက်လက်ရှိနေမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။
ရုပ်သံမှထုတ်လွှင့်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင်နေတန်ယာဟုက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ၎င်းသည် စစ်ပွဲကိုကိုင်တွယ်ပုံနှင့်ပတ်သက်၍လည်းကောင်း၊ ဝေဖန်သူများက အမေရိကန်၏ သဘောတူညီချက်ဆိုင်ရာ ဆွေးနွေးပွဲများအပေါ် ၎င်းအနေဖြင့် သြဇာမလွှမ်းမိုးနိုင်ခဲ့ခြင်းအဖြစ် ဖော်ပြကြသည့်အပေါ်တွင်လည်းကောင်း ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် ယခုစစ်ဆင်ရေး၏ ကြီးမားသော အောင်မြင်မှုများအဖြစ် ၎င်းပုံဖော်လိုသည်များကို အသားပေးပြောကြားရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
“အရေးကြီးဆုံးအချက်ကတော့ ကျွန်တော်တို့ဟာ အစ္စရေးနိုင်ငံတော်ကို နျူကလီးယားနဲ့ အမြစ်ပြတ်ချေမှုန်းခံရမည့် ခြိမ်းခြောက်မှုဘေးကနေ ကယ်တင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်” ဟု နေတန်ယာဟုက ဆိုသည်။
“ဒါဟာ ဘာကိုဆိုလိုတာလဲဆိုရင် အခုကျွန်တော့်စကားကို ကြားနေရတဲ့ အစ္စရေး နိုင်ငံသား သန်းပေါင်းများစွာ အားလုံးဟာ အစုလိုက်အပြုံလိုက် သေဆုံးရမယ့် ကြောက်မက်ဖွယ် အန္တရာယ်ကြီးနဲ့ ရင်ဆိုင်ခဲ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အစ္စရေးလူဦးရေကို အမြစ်ပြတ်ချေမှုန်းမယ့် ဒီအန္တရာယ်ဆိုးကြီးကို ကျွန်တော်တို့ဟာ နှစ်ပေါင်းများစွာ ကြာအောင် ဝေးကွာသွားစေဖို့ တွန်းထုတ်နိုင်ခဲ့ပါပြီ” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။
မည်သည့် သဘောတူညီချက်၏ စည်းကမ်းချက်များကပင် ဖြစ်စေကာမူ အီရန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ခွင့်ရရှိရေးကို မည်သည့်အခါမျှခွင့်ပြုမည် မဟုတ်ကြောင်း နေတန်ယာဟုက ကတိပြုခဲ့သည်။
“သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အီရန်မှာ နျူကလီးယား လက်နက် ရှိလာမှာမဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
“ဒီနေ့လည်း ရှိမှာမဟုတ်ဘူး၊ မနက်ဖြန်လည်း ရှိမှာမဟုတ်ဘူး” ဟု ၎င်းက ပြောကြားခဲ့ကာ အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ဆင်ရေးသည် အီရန်နိုင်ငံအတွင်းရှိ ဖြစ်နိုင်ခြေရှိသော အခြေခံအဆောက်အအုံဆိုင်ရာ ပစ်မှတ်အားလုံးကို ထိမှန်ချေမှုန်းနိုင်ခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
“ကျွန်တော် လုံးဝမမှားခဲ့ပါဘူး။ ကျွန်တော်တို့အပေါ် ကျရောက်နေတဲ့ ရပ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုကို ဖယ်ရှားချင်တယ်လို့ ကျွန်တော်တို့ ပြောခဲ့ကြတယ်။ ပထမအချက်က နျူကလီးယား ခြိမ်းခြောက်မှုဖြစ်ပြီး ဒါကို ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့ပြီ၊ ဒုတိယအချက်က ဒုံးကျည်ခြိမ်းခြောက်မှုဖြစ်ပြီး ဒါကိုလည်း ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့ပါပြီ” ဟု ၎င်းကဆိုသည်။
Ref:AFP















