နည်းပညာကုမ္ပဏီကြီးများဖြစ်သော မာတာ၊ ဂူးဂဲလ်၊ တစ်တော့တို့က သတင်းများအတွက် သတင်းဌာနများကို အခကြေးငွေပေးမည့် သဘောတူစာချုပ်များကို ဆန္ဒအလျောက် ချုပ်ဆိုခြင်းမပြုပါက ယင်းကုမ္ပဏီများအား အခွန်ကောက်မည့် ဥပဒေကြမ်းများကို ဧပြီ ၂၈ ရက်တွင် သြစတြေးလျက ထုတ်ပြန်ခဲ့သည်။
စာဖတ်သူများက ၎င်းတို့ဖတ်သည့် သတင်းများကို ဆိုရှယ်မီဒီယာတွင် ဖတ်ရှုမှုတိုးလာသောကြောင့် ကမ္ဘာပေါ်ရှိ အစဉ်အလာမီဒီယာကုမ္ပဏီများသည် ရှင်သန်ရေးအတွက် ရုန်းကန်နေကြရသည်။
နည်းပညာလုပ်ငန်းကြီးများက ၎င်းတို့၏ပလက်ဖောင်းများတွင် လူကြိုက်များမှုမြင့် တက်စေသော သတင်းဆောင်းပါးများ မျှဝေနေခြင်းအတွက် ဒေသတွင်း သတင်းဌာနများကို ယင်းကုမ္ပဏီများကလျှော်ကြေးများပေးရန် သြစတြေးလျအစိုးရက လိုလားနေသည်။
နည်းပညာလုပ်ငန်းကြီးများဖြစ်သော မာတာ၊ ဂူးဂဲလ်၊ တစ်တော့တို့သည် ဒေသခံသတင်းပုံနှိပ်ဖြန့်ချိသူများနှင့် ဆန္ဒအလျောက် သဘောတူစာချုပ်များ ချုပ်ဆိုရန်အခွင့်အလမ်းတစ်ရပ်ရှိလာလိမ့်မည်ဟု သြစတြေးလျဝန်ကြီးချုပ် အန်သိုနီအယ်ဘာနိစ်က ပြောကြားခဲ့သည်။
ယင်းသို့ လုပ်ဆောင်ရန် ငြင်းဆန်မည်ဆိုပါက ယင်းကုမ္ပဏီများသည် သြစတြေးလျမှ ၎င်းတို့ရရှိနေသော ဝင်ငွေ၏ ၂ ဒသမ ၂၅ ရာခိုင်နှုန်းနှင့်ညီမျှသော အဖြစ်မနေပေးဆောင်ရမည့်အခွန်ကို ရင်ဆိုင်ရမည်ဟု အယ်ဘာနိစ်က ပြောကြားခဲ့သည်။
“ကြီးမားတဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေဟာ သတင်းမီဒီယာ ညှိနှိုင်းရေး ဥပဒေအရ သူတို့ရဲ့တာဝန်ခံမှုတွေကို ရှောင်လို့မရ နိုင်ပါဘူး” ဟု အယ်ဘာနိစ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
“အခုချိန်ထိ အဲဒီလိုတာဝန်ရှိနေတဲ့ အဖွဲ့အစည်းသုံးခုကတော့ မာတာ၊ ဂူးဂဲလ်၊ တစ်တော့တို့ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။
နည်းပညာကုမ္ပဏီကြီးများက သတင်းများကို ၎င်းတို့၏ပလက်ဖောင်းများပေါ်မှ ဖြုတ်ချခြင်းကို တားဆီးရန် အထက်ပါဥပဒေကြမ်းက ရည်ရွယ်သည်ဟု ဆိုသည်။ မာတာနှင့် ဂူးဂဲလ်တို့သည် ယခင်တုန်းက ပင်လယ်ရပ်ခြားတွင် သတင်းများကို ဖြုတ်ချခဲ့ကြသည်။
ယင်းသို့သော ဥပဒေများကို ထောက်ခံသူများက ပြောကြားရာတွင် ဆိုရှယ်မီဒီယာကုမ္ပဏီများသည် သတင်းဆောင်းပါးများဖြင့် အသုံးပြုသူများကို ဆွဲဆောင်ကြကြောင်း၊ ရုန်းကန်နေရသည့် သတင်းဌာနများကို ပေးရမည့် အွန်လိုင်းကြော်ငြာငွေများကို အကုန်လုံးယူနေကြကြောင်း ပြောကြားခဲ့ကြသည်။
သြစတြေးလျ၏ကင်ဘာရာတက္ကသိုလ်က လေ့လာတွေ့ရှိခဲ့သည့်အချက်တစ်ခုမှာ သြစတြေးလျပြည်သူ တစ်ဝက်ကျော်က သတင်းအရင်းအမြစ်အဖြစ် ဆိုရှယ်မီဒီယာကို အသုံးပြုနေသည်ဟု ဆိုသည်။
သြစတြေးလျဘဏ်များက ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အခွန်များနှင့် အခြားစည်းကြပ်ခွန်များအတွက် အမေရိကန်ဒေါ်လာ ၁၆ ဘီလျံအခွန်ဆောင်ခဲ့သည်ဟု သြစတြေးလျဘဏ်အစည်းအရုံး (ABA) က ထုတ်ပြန်သော လေ့လာချက်အသစ်အရသိရသည်
သြစတြေးလျဘဏ်များက များပြားသော အခွန်များကို ဆောင်ခဲ့သည့်အတွက် မာတာ၊ ဂူးဂဲလ်တို့ကလည်း အလားတူ အခွန်ဆောင်သင့်သည်ဟု ဘဏ်များက ပြောသည်။
သြစတြေးလျဘဏ်လုပ်ငန်းသည် လွန်ခဲ့သောနှစ်တွင် ၄၀ ရာခိုင်နှုန်းအခွန်ဆောင်ခြင်းဖြင့် ဒုတိယအများဆုံး အခွန်ဆောင်ခဲ့သည်။ သတ္တုတွင်းလုပ်ငန်းသည် ၂၀၂၅ ခုနှစ်တွင် အများဆုံးအခွန်ဆောင်ခဲ့ပြီး ဒေါ်လာဘီလျံ ၇၀ အခွန်ပေးခဲ့သည်။















