အမေရိကန်စစ်တပ်သည် ဗင်နီဇွဲလားနိုင်ငံ ကာရာကက်စ်မြို့တော်ရှိ အမေရိကန်သံရုံးတွင် မရိန်းတပ်ဖွဲ့ ဝင်များနှင့် စစ်ဘက်သုံးလေယာဉ်များ ပါဝင်သည့် အရေးပေါ်တုံ့ပြန်ရေး လေ့ကျင့်မှုတစ်ခုကို မေ ၂၃ ရက်က ပြုလုပ်ခဲ့သည်။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို ရာထူးမှ ဖယ်ရှားခံရပြီးနောက် လေးလကျော်အကြာတွင် အမေရိကန်စစ်တပ်က ဗင်နီဇွဲလားတွင် ယခုကဲ့သို့ လေ့ကျင့်မှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မရိန်းတပ်ဖွဲ့သုံး MV-22 B Osprey လေယာဉ်နှစ်စင်းသည် ကာရာကက်စ်မြို့တော်ရှိ အမေရိကန်သံရုံးပေါ်မှ ဖြတ်ပြီး ပျံသန်းခဲ့သည်။
ထိုလေယာဉ်များသည် သံရုံးကားပါကင် အတွင်းသို့ ဆင်းသက်ခဲ့ချိန်တွင် လေယာဉ်ပန်ကာများ လည်ပတ်မှုမှ ဖြစ်ပေါ်လာသည့် လေပြင်းများကြောင့် သစ်ကိုင်းများ လွင့်ခါသွားခဲ့ပြီးနောက် ယင်းလေယာဉ်များပေါ်မှ မရိန်းတပ်ဖွဲ့ဝင်များ ဆင်းသက်လာခဲ့သည်။
“ဗင်နီဇွဲလားမှာတင်မကဘဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ပါ စစ်တပ်ရဲ့ အရေးပေါ်တုံ့ပြန်နိုင်စွမ်းကို သေချာစေတာဟာ တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်မှုရဲ့ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်” ဟု သံရုံးက ၎င်း၏ Instagram တွင် ပြောကြားခဲ့သည်။
ဗင်နီဇွဲလားအစိုးရကလည်း ယင်းစစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်ပြီး ယခုသီတင်းပတ်အစောပိုင်းတွင် ကြေညာခဲ့သည်။
အမေရိကန်နိုင်ငံအနေဖြင့် ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေများ သို့မဟုတ် ကပ်ဘေးဆိုင်ရာ အရေးပေါ်အခြေအနေများ ဖြစ်ပွားလာပါက ပြင်ဆင်ထားနိုင်ရန်အတွက် ယခုလေ့ကျင့်ခန်းကို ပြုလုပ်ခြင်းဖြစ် ကြောင်း ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး အီဗန်ဂီလ် ပြောကြားခဲ့သည်။
ယခု စစ်ရေးလေ့ကျင့်မှုသည် ကာရာကတ်စ်မြို့ရှိ အမေရိကန်သံရုံးကို တရားဝင်ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် နှစ်လနီးပါးအကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဇန်နဝါရီလအစောပိုင်းက မာဒူရိုရာထူး မှ ဖယ်ရှားခံရပြီးနောက် ဗင်နီဇွဲလားနိုင်ငံနှင့် သံတမန်ဆက်ဆံရေး အပြည့်အဝ ပြန်လည်ထူထောင်ခဲ့ကာ သံရုံးကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ကာရာကက်စ်မြို့ခံအချို့သည် အမေရိကန်စစ်လေယာဉ်များကို ကြည့်ရှုရန် သံရုံးအနီးတွင် စုဝေးခဲ့ကြပြီး အချို့လည်း မေ ၂၃ ရက်က ပြုလုပ်သည့် အဆိုပါလေ့ကျင့်ခန်းကို ဆန့်ကျင်ကန့်ကွက်ရန် ကာရာကက်စ်မြို့ တော်၏ အခြားတစ်နေရာတွင် စုရုံးခဲ့ကြသည်။
ကန့်ကွက်ဆန္ဒပြသူများသည် “အမေရိကန်တို့၏ စစ်ရေးလေ့ကျင့်မှုကို အလိုမရှိ”ဟု ရေးသားထားသော ဗင်နီဇွဲလားနိုင်ငံတော်အလံကို ကိုင်ဆောင်ခဲ့ကြသည်။
အမေရိကန်သည် ဇန်နဝါရီ ၃ ရက်က ဗင်နီီဇွဲလားကို စစ်ရေးအရတိုက်ခိုက်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတ မာဒူရိုနှင့် ၎င်းင်း၏ ဇနီးသည် စီလီယာ ဖလောရက်စ်တို့ကို ဖမ်းဆီးပြီး မူးယစ်ဆေးဝါးမှောင်ခိုကူးမှုစွဲချက်များဖြင့် တရားစွဲဆိုရင် နယူးယောက်မြို့သို့ ခေါ်ဆောင်သွားခဲ့သည်။ မာဒူရိုတို့ ဇနီးမောင်နှံကမူ ၎င်းတို့သည် ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း ထွက်ဆိုထားသည်။
Ref:AP














