တရုတ်သမ္မတ ရှီကျင်းပင်သည် ရုရှား၏ အဓိကမဟာမိတ်ဖြစ်သူ ဘီလာရုစ်ခေါင်းဆောင် အလက်ဇန်းဒါး လူကာရှန်ကိုနှင့် ဇွန် ၂၉ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းမီဒီယာများက ဖော်ပြခဲ့သည်။
သမ္မတရှီသည် လူကာရှန်ကိုအား Diaoyutai နိုင်ငံတော်ဧည့်ဂေဟာတွင် လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် CCTV ရုပ်သံလိုင်းက ပြောကြားခဲ့သည်။
တရုတ်-ဘီလာရုစ် ဆက်ဆံရေးသည် နိုင်ငံတကာ စိန်ခေါ်မှုများ၏ စမ်းသပ်မှုများကို ကြံ့ကြံ့ခံကျော်ဖြတ်နိုင်ခဲ့ပြီး လက်ရှိတွင် သမိုင်းတစ်လျှောက် အကောင်းဆုံးကာလသို့ ရောက်ရှိနေပြီဖြစ်ကြောင်းတရုတ်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်နှင့် ဘီလာရုစ် နှစ်နိုင်ငံအနေဖြင့် ပတ်လမ်း၊ ရပ်ဝန်းစီမံကိန်း (BRI) ဖော်ဆောင်မှုကို အရှိန်မြှင့်တင်ရန်နှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် နယ်ပယ်အသီးသီးတွင်ရှိသော အရင်းအမြစ်များကို စုစည်းအသုံးချသင့်ကြောင်း သမ္မတ ရှီက လူကာရှန်ကိုကို ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လူကာရှန်ကိုသည် ပြီးခဲ့သည့်သီတင်းပတ်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံခဲ့ပြီးနောက် တရုတ်နိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။















