ကိုဗစ်ကာလအပါအဝင် နယ်မြေဒေသလုံခြုံရေး အခြေအနေများအရ အပန်းဖြေခရီးသွားလာကြသူများ သွားရောက်လည်ပတ်ခြင်းမရှိသည်မှာ ခြောက်နှစ်ခန့်ကြာမြင့်ပြီဖြစ်သော ကရင်ပြည်နယ် သံတောင်ကြီးဒေသ နော်ဘူဘော ဆုတောင်းတောင်သို့ ယခု ၂၀၂၆ ခုနှစ် ဇွန်လအတွင်း၌ သွားရောက်လည်ပတ်သူများရှိလာပြီး များပြားလာခဲ့ကြောင်း သိရသည်။
ယခုလ ဇွန်လအတွင်း နော်ဘူဘောတောင်သို့ ခရီးသွားခဲ့သူ တောင်ငူမြို့ခံတစ်ဦးက “မနေ့က သွားပြီး ပြန်လာတာ အဆင်ပြေပါတယ်။ လမ်းအခြေနေလည်းကောင်းပါတယ်။ လမ်းမပိတ်ထားပါဘူး။ လမ်းမှာ ဆိုင်ကယ်သမားတွေလဲ အများကြီးပါပဲ။ စနေ၊ တနင်္ဂနွေရက်မို့ထင်တယ်။ တောင်ပေါ်မှာလည်း လူအပြည့်ပဲ” ဟု ခရီးသွားလမ်းအခြေအနေအား ပြောကြားသည်။
နော်ဘူဘော ဆုတောင်းတောင်(ဘွဲဟီခိုတောင်)မှာ ပင်လယ်ရေမျက်နှာပြင်အထက် (၄၈၂၄) ပေအမြင့်တွင် တည်ရှိပြီး ကရင်ပြည်နယ် သံတောင်ကြီးဒေသရှိ တောင်တန်းများအနက် အမြင့်ဆုံးတောင် တစ်ခုဖြစ်ကြောင်း သိရသည်။ နော်ဘူဘော တောင်ပေါ်မှနေ၍ ပတ်ဝန်းကျင်ကိုကြည့်ပါက မိုးတိမ်တိုက်များကို အလွှာလိုက် မြင်ရပြီး နံနက်ခင်းနေထွက်ချိန်တွင် နေရောင်ဖြာကျနေသော တိမ်လွှာများကို အလွှာလိုက် လှပစွာ မြင်ရသောကြောင့် ယခင်က ခရီးသွားဧည်သည်များက နံနက်နေထွက်ချိန်အမီ လာရောက်လည်ပတ်ကြသော ခရီးသွားအပန်းဖြေစရာ အထင်ကရနေရာတစ်ခုဖြစ်ကြောင်း သိရသည်။
နော်ဘူဘောဆုတောင်းတောင်အပါအဝင် သံတောင်ကြီးဒေသအား၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလကတည်းက ခရီးစဉ်တွေကို စတင်ပိတ်ထားခဲ့ရကြောင်းသိရသည်။ ထို့နောက် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်း ကရင်ပြည်နယ် သံတောင်ကြီးဒေသ နယ်မြေဒေသလုံခြုံရေး အခြေအနေများအရ ရှိလာခဲ့ပြီးနောက် တောင်ငူ- သံတောင်ကြီးလမ်းပိုင်းမှာ စစ်ဆေးရေးဂိတ်များဖြင့် တင်းကျပ်လာကာ ခရီးသွားလာခြင်းများ ရပ်ဆိုင်းသွားခဲ့ပြီး ၂၀၂၅ ခုနှစ် အထိ ပုံမှန်ခရီးသွားလုပ်ငန်း ပြန်လည်ပွင့်လန်း လာခြင်းမရှိခဲ့ပဲ ယခု ၂၀၂၆ ခုနှစ် ဇွန်လအတွင်း၌ သံတောင်ကြီးဒေသ နော်ဘူဘော ဆုတောင်းတောင်သို့ သွားရောက်လည်ပတ်ကြသူ ပြန်လည် များပြားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တောင်ငူ-သံတောင် လမ်းမှတဆင့် ကရင်ပြည်နယ် သံတောင်ကြီး ဒေသသို့ သွားရောက်လည်ပတ်ကြသူ များလာသည့်အခြေအနေနှင်ပတ်သက်ပြီး “မသွားနဲ့မပြောပါဘူး လမ်းကြောင်းရှိလို့ နှစ်ဖက် တိုက်ပွဲဖြစ်နေချိန် ဆိုရင် အရမ်းအန္တရာယ်များပါတယ်။ သိတဲ့ဒေသခံတွေက ဘယ်သူမှမသွားကြပါဘူး။ မြို့ပေါ်က တချို့မသိတဲ့ လူငယ်တွေကသွား နေကြတာပါ။ အသိနဲ့ သတိရှိကြပါစေ။ သွားကို သွားချင်တယ်ဆိုရင် မေးမြန်းသွားကြပါ ရှေ့လူမဖြစ်တိုင်း ငါတို့မဖြစ်လောက်ဘူးမထင်ပါနဲ့ ထန်းသီးကြွေခိုက်ကျီးနားခိုက် ဖြစ်မှာစိုးလို့ပါ” ဟု လူမှုကွန်ယက်တွင် ဝေဖန်ရေးသားမှုများ ရှိနေကြောင်းလည်း သိရသည်။
နော်ဘူဘော ဆုတောင်းတောင် (ဘွဲဟီခိုတောင်) မှာ ဒဏ္ဍာရီပုံပြင်ထဲမှ ဘွဲကရင်တိုင်းရင်းသူ မင်းသမီး နော်ဘူဘော အမည်ကိုအစွဲပြု၍ နော်ဘူဘောတောင်ဟု ခေါ်ဆိုကြခြင်းဖြစ်ကြောင်း သိရသည်။ နော်ဘူဘော ဆုတောင်းတောင်တွင် ဆုတောင်းပါက လိုရာဆန္ဒများ ပြည့်ဝသည်ဟု ယူဆသောကြောင့် မြန်မာနိုင်ငံအနှံ့မှ လူမျိုးဘာသာမရွေး အထူးတလည် လာရောက်ဆုတောင်းလည်ပတ်ကြသူများလည်း ရှိကြောင်းသိရသည်။
ယခင်က သံတောင်ကြီးဒေသသို့ နိုင်ငံခြားခရီးသွားများ ဝင်ရောက်မှုကို ကန့်သတ်မှုရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များကိုလည်း သွားလာခွင့်ပြုကာ နော်ဘူဘော ဆုတောင်း တောင်ပေါ်၌ပင် ညအိပ်တည်းခိုနိုင်သည်အထိ ခရီးသွားလည်ပတ်ခွင့်ပြုခဲ့ပြီး၊ နော်ဘူဘော ဆုတောင်းတောင်၏ ဒဏ္ဍာရီပုံပြင်ဇာတ်လမ်းအကြောင်းကိုလည်း ဆုတောင်းတောင်မှ တာဝန်ရှိသူများက ရှင်းပြပေးကြကြောင်း သိရသည်။
နော်ဘူဘော ဆုတောင်းတောင်ပေါ်သို့ တက်ရောက်ရန် လှေခါးထစ်ပေါင်း ၃၇၄ ထစ်ဖြင့် တည်ဆောက်ထားပြီး ၊တောင်ပေါ်သို့တက်သည့် လှေခါးထစ်များအနီး၌ လူမျိုးဘာသာမရွေး ဆုတောင်း၍ရသော ဆုတောင်းခန်း ငယ်များလည်း တည်ဆောက်ထားကြောင်း၊ နော်ဘူဘောတောင်၏ တောင်ကမ်းပါးယံပတ်လည်ရှိ သစ်ပင်များ မှာလည်း နှစ်ပေါင်းများစွာ ကြာသော်လည်း ပုံမှန်အနေအထားထက် ထပ်မံကြီးထွားခြင်း မရှိသည့် ထူးခြားသော ဆုတောင်းတောင် တစ်ခုဖြစ်ကြောင်း သိရသည်။
တောင်ငူမြို့မှတစ်ဆင့် နော်ဘူဘော ဆုတောင်းတောင်သို့ သွားမည်ဆိုပါက တောင်ငူ-သံတောင်လမ်းအတိုင်း (၂၈) မိုင်ခန့်သွားရပြီး လမ်းတစ်လျှောက် စိမ်းလန်းစိုပြည်သောကြောင့် ကရင်ပြည်နယ် သံတောင်ကြီးဒေသရှိ နော်ဘူဘော ဆုတောင်းတောင်မှာ ပြည်တွင်း ပြည်ပ ခရီးသွားများအတွက် စိတ်ကြည်လင် အေးချမ်းစေသော ခရီးသွားနေရာ တစ်ခုဖြစ်ကြောင်း သိရသည်။















