အမေရိကန်အစိုးရရှေ့နေများက အိန္ဒိယဘီလျံနာ အဒါနီအပေါ် စွဲဆိုထားသည့် လာဘ်ပေးလာဘ်ယူမှု စွဲချက်များကို ပယ်ဖျက်ပေးမည်ဟု The News York Times သတင်းစာက ဖော်ပြ

အမေရိကန်အစိုးရရှေ့နေများက အိန္ဒိယဘီလျံနာ အဒါနီအပေါ် စွဲဆိုထားသည့် လာဘ်ပေးလာဘ်ယူမှု စွဲချက်များကို ပယ်ဖျက်ပေးမည်ဟု The News York Times သတင်းစာက ဖော်ပြ
Published 15 May 2026
Ref;AFP

အမေရိကန်ဒေါ်လာ သန်းနှင့်ချီ၍ လာဘ်ပေးခဲ့မှု၊ ထိုသို့လာဘ်ပေးခဲ့မှုများကို ဖုံးကွယ်ထားမှုတို့ဖြင့် စွဲချက်တင်ခံထားရသော အိန္ဒိယဘီလျံနာ စက်မှုလုပ်ငန်းရှင် ဂေါ်တမ်အဒါနီအပေါ် စွဲဆိုထားသည့် စွဲချက်များကို အမေရိကန်အစိုးရရှေ့နေများက ပယ်ဖျက်ပေးတော့မည်ဖြစ်ကြောင်း The News York Times သတင်းစာက မေ ၁၄ ရက်တွင် ဖော်ပြခဲ့သည်။

ကျောက်မီးသွေး၊ လေဆိပ်များ၊ ဘိလပ်မြေနှင့် မီဒီယာကဏ္ဍများအထိ ကျယ်ပြန့်သော စီးပွားရေးအင်ပါယာကို ပိုင်ဆိုင်ထားသည့် Adani Group ၏ ဥက္ကဋ္ဌ အဒါနီသည် မကြာသေးမီနှစ်များအတွင်း ကော်ပိုရိတ်လိမ်လည်မှု စွပ်စွဲချက်များနှင့် စတော့ရှယ်ယာစျေးကွက် ပြိုလဲမှုတို့ကြောင့် ဂုဏ်သိက္ခာကျ ဆင်းခဲ့သည်။

ဂူဂျာရတ် ပြည်နယ်သားဖြစ်ပြီး ဟိန္ဒူအမျိုးသားရေးဝါဒီဖြစ်သည့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီနှင့် အလွန်ရင်းနှီးသည့် အဒါနီသည် အကျိုးအမြတ်များစွာရရှိမည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးဝေရေး စာချုပ်များရရှိရန်အတွက် အိန္ဒိယအရာရှိများကို အမေရိကန်ဒေါ်လာသန်း ၂၅၀ ကျော် လာဘ်ထိုးရန် သဘောတူခဲ့သည်ဟု ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် စွပ်စွဲခံခဲ့ရသည်။

အဒါနီသည် သမ္မတဒေါ်နယ်ထရန့်၏ ရှေ့နေများထဲမှ တစ်ဦးဖြစ်သူ ရောဘတ်ဂျုဖ်ဖရာ ဦးဆောင်သည့် ရှေ့နေအဖွဲ့အသစ်ကို ငှားရမ်းခဲ့ပြီးနောက် အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်အစိုးရလက်ထက်တွင် စွဲဆိုခဲ့သော အဆိုပါစွဲချက်များကို ပြန်လည်ရုပ်သိမ်းရန် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း The News York Times  သတင်းစာက ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီလက တရားရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သော တရားလိုနှင့် တရားခံရှေ့နေများအကြား တွေ့ဆုံမှုအတွင်း ရှေ့နေဖြစ်သူ ဂျုဖ်ဖရာက တင်ပြချက်အချို့ကို ပြသခဲ့သည်။

ယင်းတင်ပြချက်များထဲမှ တစ်ခုတွင် အကယ်၍ အစိုးရရှေ့နေများအနေဖြင့် စွဲချက်များကို ပယ်ဖျက်ပေးမည်ဆိုပါက အဒါနီသည် အမေရိကန်စီးပွားရေးကဏ္ဍတွင် ဒေါ်လာ ၁၀ ဘီလျံ ရင်းနှီးမြှုပ်နှံရန်နှင့် အလုပ်အကိုင်ပေါင်း ၁၅၀၀၀ ဖန်တီးပေးရန် သဘောတူကြောင်း ဖော်ပြထားသည်။

အဒါနီနှင့်အတူ ပူးပေါင်းကြံစည်သူဟု စွပ်စွဲခံထားရသူတစ်ဦးသည် အရာရှိများကို လာဘ်ထိုးရန် ကမ်းလှမ်းချက်များကို ၎င်း၏ဖုန်းအား အသုံးပြု၍ သေချာစွာ မှတ်တမ်းတင်ကာ လာဘ်ပေးမှုများကို စေ့စေ့စပ်စပ်ခြေရာခံခဲ့ပုံကို အစိုးရရှေ့နေများက ယခင်က အသေးစိတ် ဖော်ပြခဲ့ဖူးသည်။

အဒါနီကို ဂူဂျာရတ်ပြည်နယ် အာမက်ဒါဘတ်မြို့ရှိ လူလတ်တန်းစား မိသားစုတစ်ခုတွင် မွေးဖွားခဲ့သော်လည်း အသက် ၁၆ နှစ်အရွယ်တွင် ကျောင်းထွက်ခဲ့ပြီး အကျိုးအမြတ်များစွာရရှိသည့် ကျောက်မျက်ရတနာ ကုန်သွယ်မှုလုပ်ငန်းတွင် အလုပ်ရှာရန် မွန်ဘိုင်းသို့ ပြောင်းရွှေ့ခဲ့သည်။

၎င်း၏အစ်ကိုဖြစ်သူပိုင်ဆိုင်သည့် ပလတ်စတစ်လုပ်ငန်းတွင် ယာယီလုပ်ကိုင်ခဲ့ပြီးနောက် ၁၉၈၈ ခုနှစ်တွင် ပို့ကုန်ကုန်သွယ်မှုကဏ္ဍသို့ တိုးချဲ့လုပ်ကိုင်ခြင်းဖြင့် ၎င်း၏အမည်ကို အစွဲပြုထားသော မိသားစုပိုင် ပင်မလုပ်ငန်းစုကို စတင်တည်ထောင်ခဲ့သည်။

၎င်းအတွက် အဓိက အခွင့်အလမ်းကြီး ပေါ်ပေါက်လာခဲ့သည်မှာ ခုနစ်နှစ်အကြာတွင် ဖြစ်ပြီး ဂူဂျာရတ်ပြည်နယ်ရှိ ကုန်သွယ်ရေးသင်္ဘောဆိပ်ကမ်းတစ်ခုကို တည်ဆောက်ကာ လုပ်ငန်းလည်ပတ်လုပ်ကိုင်ရန် စာချုပ်တစ်ခု ရရှိခဲ့ခြင်းဖြစ်သည်။

ယခုသတင်းနှင့်ပတ်သက်ပြီး အေအက်ဖ်ပီသတင်းဌာန၏ မှတ်ချက်တောင်းခံမှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ခဲ့ခြင်းမရှိပေ။                        

 

Most Read

Most Recent