အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဇွန် ၈ ရက်က နယူးယောက်မြို့ရှိ Madison Square Garden ကွင်း၌ ကျင်းပသည့် NBA ဘတ်စကက်ဘော ဗိုလ်လုပွဲသို့ လူကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့စဉ် လှောင်ပြောင်အော်ဟစ်မှုများ ကြုံခဲ့ရသည်။
အမေရိကန်သမိုင်းတွင် တာဝန်ထမ်းဆောင်ဆဲ သမ္မတတစ်ဦးက NBA ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်၍ သမိုင်းဝင်အခိုက်အတန့် ဖြစ်လာစေရန် ရည်ရွယ်သော်လည်း ဆန့်ကျင်ဘက်ဖြစ်ကာ လှောင်ပြောင်ဆန္ဒပြမှုများ ရင်ဆိုင်ခဲ့ရသည်။
ဇွန် ၈ ရက်ညက New York Knicks အသင်းနှင့် San Antonio Spurs အသင်းတို့၏ ဗိုလ်လုပွဲစဉ်ဖြစ်ပြီး ထရန့်က အထူးဗီအိုင်ပီအခန်းမှနေ၍ အားပေးကြည့်ရှုခဲ့သည်။ ပွဲမစတင်မီ နိုင်ငံတော်သီချင်း သီဆိုစဉ် ကွင်းအတွင်းရှိ ဧရာမစခရင်ပေါ်တွင် သမ္မတထရန့်ပုံ ပေါ်လာသည့်အခါ ကွင်းအတွင်းရှိ ပရိသတ်အများအပြားက လှောင်ပြောင်အော်ဟစ်ခဲ့ကြသည်။
သမ္မတ တက်ရောက်သည့်အတွက် မန်ဟက်တန်လမ်းမများပေါ်တွင် လုံခြုံရေးကို အထူးတင်းကျပ်ခဲ့ရသည်။ ကွင်းပတ်ပတ်လည်တွင် သံကွက်ခြံစည်းရိုးများ ကာရံခြင်း၊ လေဆိပ်ကဲ့သို့ စစ်ဆေးရေးဂိတ်များ ထားရှိခြင်းတို့အပြင် Secret Service နှင့် ရဲတပ်ဖွဲ့ဝင်များစွာလည်း ဖြန့်ကြက်ထားခဲ့သည်။ လက်မှတ်မရှိသည့် ပရိသတ်များက ကွင်းနှင့်ဝေးရာသို့ ဖယ်ရှားခံခဲ့ရသည်။
ကွင်းအတွင်း၌ ဒေါ်နယ်ထရန့်အပြင် ဟောလိဝုဒ်သရုပ်ဆောင်များ ၊ ဂီတသမားများ၊ ဘတ်စကက်ဘော ကစားသမားဟောင်းများနှင့် နယူးယောက်မြို့၏ ထင်ရှားသူများလည်း ရှေ့ဆုံးတန်းမှ အားပေးခဲ့ကြသည်။
Ref: Al Jazeera
Photo: AP















