ပခုက္ကူဒေသတစ်ဝိုက် တောင်သူများ ယခုနှစ်မေလက စိုက်ပျိုးခဲ့သည့် မိုးဦးသီးနှံများ ဇူလိုင်လရောက်သည်ထိ မိုးရရှိမှုနည်းပါး၍ အထွက်နှုန်းလျော့ကျပြီး စိုက်စရိတ်ရှုံးနိမ့်ကြောင်း သိရသည်။
သီးနှံအထွက်လျော့ကျသည့်အတွက် ပခုက္ကူဈေးကွက်အတွင်း ပဲတီစိမ်းဝင်ရောက်မှု နည်းပါးနေပြီး မိုးဦးနှမ်းများ ဝင်ရောက်မှုမရှိသေးကြောင်း သိရသည်။
“မေလတုန်းကတော့ မိုးနည်းနည်းရွာလို့ စိုက်လိုက်ကြပေမဲ့ စိုက်ပြီးနောက်ပိုင်း မိုးက သိပ်မရွာတော့ဘူး။ ရွာရင်လည်း သိပ်မကြာဘူး။ ရေမပါဘူး။ နှမ်းဦးဆိုရင် တစ်ဧက ပုံမှန် ငါးတင်းလောက် ထွက်ပေမဲ့ ဒီနှစ်အနေအထားက တစ်ဧက သုံးတင်းရဖို့ မလွယ်ဘူး။ ပဲတီစိမ်းဆိုလည်း ဘယ်လောက်မှ မဆွတ်ရသေးဘူး။ ခုနေ မိုးရွာရင်တော့ ပဲတီစိမ်းက နည်းနည်းမျှော်လို့ရသေးတာပေါ့။ လက်ရှိရိတ်ပြီးသမျှတော့ အရင်းမရဘူး” ဟု မြိုင်မြို့နယ်မှ တောင်သူတစ်ဦးက ပြောသည်။
ပခုက္ကူသီးနှံဈေးကွက်အတွင်း အသစ်ဝင်ရောက်နေသည့် ပဲတီစိမ်း ( သေး ) မှာ ယခုဇူလိုင်လ ၂၈ ရက်တွင် တစ်တင်း ၉၆၀၀၀ ကျပ် ၊ ဇွန်လမှ စတင်ဝင်ရောက်ခဲ့သည့် ပဲတီစိမ်း ( ကြီး ) မှာ တစ်တင်း ၈၃၀၀၀ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။
“ပဲတီစိမ်းဈေးက ပြန်ကျသွားတော့ ကုန်းယာမြေက တောင်သူတွေ အဆင်မပြေဖြစ်သွားတာ။ ကျွန်းပဲတီစိမ်းတုန်းက တစ်တင်း ၁၄၀၀၀၀ လောက်ထိ ရတယ်” ဟု ပခုက္ကူမြို့နယ်မှ တောင်သူတစ်ဦးက ပြောသည်။
ပခုက္ကူခရိုင်တွင်း ဒေသတစ်ချို့တွင် နယ်မြေမတည်ငြိမ်မှုကြောင့် တောင်သူများ ပခုက္ကူသီးနှံဈေးကွက်သို့ ကုန်စည်လာရောက်ရောင်းချမှု နည်းပါးကြောင်း သိရသည်။















