တပ်မတော်စစ်ကြောင်းများက ကလေး-တမူး လမ်းကြောင်းပေါ်ရှိ တမူးမြို့နယ် ထင်းဇင်ရွာသစ်နှင့် ထင်းဇင်ရွာဟောင်းအား ထပ်မံသိမ်းပိုက်ရရှိကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး-တမူးလမ်းကြောင်းအား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ အဆိုပါ ကလေး-တမူး လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများသည် စုဖွဲ့ပြင်ဆင်ပြီး စစ်ကြောင်းများခွဲ၍ ဇွန် ၇ ရက်မှစ၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ တမူးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ရန်လင်းဖိုင်ကျေးရွာနှင့် အဆိုပါဒေသတစ်ဝိုက်အထိအားလည်းကောင်း၊ ကလေးမြို့ဘက်မှချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ကလေး-တမူး လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများအား တစ်ခုပြီး တစ်ခု အဆင့်ဆင့် ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ဇူလိုင် ၂၆ ရက် ညနေပိုင်းတွင်လည်း အကြမ်းဖက်များ ယာယီအခြေပြုနေထိုင်သည့် ထင်းဇင်ရွာသစ်နှင့် ထင်းဇင်ရွာဟောင်းတို့အား ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်သိမ်းပိုက်စဉ် အကြမ်းဖက်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်များထံမှ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်များအနေဖြင့် အဆိုပါကျေးရွာများအတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် ဌာဆိုင်ရာအဆောက်အအုံများ၊ လူနေအိမ်များ၌ ဘန်ကာများ ပြုလုပ်၍ ခံစစ်စခန်းများပြုလုပ်ခြင်း၊ ဒေသခံပြည်သူများ၏ စားရေရိက္ခာနှင့် အသုံးဆောင်ပစ္စည်းများ၊ စည်းစိမ်ဥစ္စာများနှင့် တန်ဖိုးကြီးပစ္စည်းများကို အတင်းအဓမ္မယူဆောင်အသုံးပြုခြင်း၊ အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ ၎င်းတို့၏လုပ်ရပ်များကို မထောက်ခံသည့်ဒေသခံများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းတို့ကို ဥပဒေမဲ့ကျူးလွန်ခဲ့ကြကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး-တမူး လမ်းကြောင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်များကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသခံပြည်သူများ၏ နေအိမ်၊ အဆောက်အအုံများနှင့် လမ်းတံတားများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။















