■ ဗုံးကြဲတိုက်ခိုက်မှုများကို ရပ်တန့်ပေးရန် အီရန်ခေါင်းဆောင်များက မိမိအား ဖုန်းဆက်ပြီးတောင်းဆိုခဲ့ဟု ထရန့် ပြောကြား

■ ဗုံးကြဲတိုက်ခိုက်မှုများကို ရပ်တန့်ပေးရန် အီရန်ခေါင်းဆောင်များက မိမိအား ဖုန်းဆက်ပြီးတောင်းဆိုခဲ့ဟု ထရန့် ပြောကြား
Published 11 June 2026

အမေရိကန်၏ ဗုံးကြဲတိုက်ခိုက်မှုများကို ရပ်တန့်ပေးရန် အီရန်ခေါင်းဆောင်များက မိမိကို တိုက်ရိုက်ဖုန်းဆက်ပြီး တောင်းဆိုခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇွန် ၁၀ ရက်တွင် ပြောကြားခဲ့သည်ဟု Fox News သတင်းဌာနက ဖော်ပြခဲ့သည်။

 

ထရန့်သည် Fox News နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် အီရန်စံတော်ချိန် ဇွန် ၁၁ ရက်နံနက်အစောပိုင်းက ပြုလုပ်ခဲ့သည့် နောက်ဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း အမေရိကန်တပ်ဖွဲ့ဝင်များသည် အီရန်နိုင်ငံအတွင်းသို့ Tomahawk ခရုစ်ဒုံးကျည် ၄၉ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

 

အကယ်၍ အီရန်နိုင်ငံအနေဖြင့် စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်၏ သတ်မှတ်ချက်များကို လက်မခံပါက မနက်ဖြန်ညတွင် အီရန်ကို အပြတ်အသတ် ဗုံးကြဲတိုက်ခိုက်သွားမည်ဟု ထရမ့်က ပြောကြားခဲ့ကြောင်း Fox News သတင်းထောက် ထရေး ယင့်စ် က ပြောကြားခဲ့သည်။

 

သို့သော် အီရန်အစိုးရသည် ဗုံးကြဲတိုက်ခိုက်မှုများ ရပ်တန့်ပေးရန် ထရန့်ကို တောင်းဆိုခဲ့ခြင်း မရှိကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ချက်ချင်း ငြင်းဆိုခဲ့သည်ဟု အီရန်နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။

 

"အီရန်အရာရှိတွေက သူ့ကို ဆက်သွယ်ခဲ့တယ်ဆိုတဲ့ ထရန့်ရဲ့ ပြောကြားချက်ဟာ လုံးဝ မမှန်ပါဘူး။ ဒါဟာ စစ်ပွဲကနေ ရှောင်ပြေးဖို့အတွက် အကြောင်းပြချက် ပေးနေတာပဲ ဖြစ်ပါတယ်" ဟု အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က တုံ့ပြန်ပြောဆိုခဲ့သည်။

 

■ Ref:AFP

Most Read

Most Recent