အိန္ဒိယတွင် ပညာရေးဝန်ကြီး ရာထူးမှနုတ်ထွက်ပြီးနောက် ဆန္ဒပြမှုများကို အဆုံးသတ်ပြီဖြစ်ကြောင်း ပိုးဟပ် ပါတီ ပြောကြား

အိန္ဒိယတွင် ပညာရေးဝန်ကြီး ရာထူးမှနုတ်ထွက်ပြီးနောက် ဆန္ဒပြမှုများကို အဆုံးသတ်ပြီဖြစ်ကြောင်း ပိုးဟပ် ပါတီ ပြောကြား
Published 26 July 2026

အိန္ဒိယနိုင်ငံတွင် စာမေးပွဲ မေးခွန်းများ ပေါက်ကြားမှုနှင့် ပညာရေးစနစ်အတွင်း မသမာမှု စွပ်စွဲချက်များကြောင့် ပညာရေးဝန်ကြီး နုတ်ထွက်ပေးခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ၏ လူငယ်များဦးဆောင်သော ပိုးဟပ် ဂျန်တာပါတီသည် ၎င်းတို့၏ ဆန္ဒပြလှုပ်ရှားမှုကို ဇူလိုင် ၂၅ ရက်တွင် အဆုံးသတ်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ပညာရေးဝန်ကြီး ဒါမန်ဒရာ ပရာဟန်က ရာထူးမှနုတ်ထွက်ကြောင်းကို X လူမှုမီဒီယာတွင် ကြေညာခဲ့သဖြင့် နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများ၊ ထိုင်သပိတ်များနှင့် အစာငတ်ခံ ဆန္ဒပြမှုများကို ဦးဆောင်ခဲ့သည့် လူငယ်လှုပ်ရှားမှုအတွက် ကြီးမားသော အောင်ပွဲတစ်ခု ရရှိခဲ့သည်။

ပရာဟန်၏ နုတ်ထွက်မှုသည် မကြာသေးမီနှစ်များအတွင်း ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ အစိုးရ ရင်ဆိုင်ခဲ့ရသော အထင်ရှားဆုံး ပြည်သူ့ဆန္ဒပြမှုများအနက် ဆန္ဒပြသူများ၏ တောင်းဆိုမှုကို လိုက်လျောပေးခဲ့ခြင်းလည်း ဖြစ်သည်။

မိုဒီ၏ အုပ်ချုပ်ရေး ၁၂ နှစ်ကျော် ကာလအတွင်း အစိုးရသည် ပြည်သူလူထု၏ဖိအားပေးမှုများကို လိုက်လျောပေးလေ့ မရှိခဲ့ပေ။

ယခုဖြစ်စဉ်မတိုင်မီ ဆန္ဒပြသူများ၏တောင်းဆိုချက်ကို လိုက်လျောပေးခဲ့သည့် ဖြစ်စဉ်တစ်ခုသည် ၂၀၂၁ ခုနှစ်က ဖြစ်ပြီး တစ်နှစ်ကြာ တောင်သူလယ်သမားများ၏ ဆန္ဒပြမှုအပြီးတွင် အငြင်းပွားဖွယ် လယ်ယာစိုက်ပျိုးရေး ဥပဒေများကို ပြန်လည်ရုပ်သိမ်းရန် သဘောတူခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲအချို့တွင် မေးခွန်းများ ပေါက်ကြားခဲ့သည်ဆိုသော စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် ပြီးခဲ့သည့် တစ်လကျော်က ပိုးဟပ် ပါတီ လှုပ်ရှားမှု စတင်ခဲ့ခြင်းဖြစ်သည်။

အစပိုင်းတွင် ပညာရေး ပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုဖြင့် စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် အလုပ်လက်မဲ့ပြဿနာ၊ အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးနှင့် စီးပွားရေး အခွင့်အလမ်းများအတွက် ပိုမိုကျယ်ပြန့်သော ဆန္ဒပြမှုအဖြစ်သို့ ကူးပြောင်းလာခဲ့သည်။

ကျောင်းသားများ၊ ကျွမ်းကျင်ပညာရှင်များ၊ မိသားစုများနှင့် တက်ကြွလှုပ်ရှားသူများသည် နယူးဒေလီနှင့် အိန္ဒိယတစ်ဝန်းရှိ အခြားမြို့များတွင် ပြုလုပ်သော လူထုချီတက်ပွဲများ၌ ပူးပေါင်းပါဝင်ခဲ့ကြသည်။

ပရာဟန် နုတ်ထွက်သွားပြီးနောက် အစိုးရက ၎င်းတို့၏ အခြားတောင်းဆိုချက်များကို လက်ခံခဲ့သည်ဟုဆိုကာ ပိုးဟပ် လှုပ်ရှားမှုကို ဦးဆောင်သူများက ဆန္ဒပြပွဲများကို ရပ်ဆိုင်းလိုက်ကြသည်။

အဆိုပါ တောင်းဆိုချက်များတွင် အိန္ဒိယ၏ ပညာရေးစနစ်ကို ပိုမိုကျယ်ပြန့်စွာ ပြုပြင်ပြောင်းလဲရေး၊ စာမေးပွဲမေးခွန်း ပေါက်ကြားမှုများကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည့် ကျောင်းသားများ၏ မိသားစုများကို လျော်ကြေးပေးရေးနှင့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူများကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ မပြုလုပ်ရန် ကတိကဝတ်ပြုရေးတို့ ပါဝင်သည်။

"လူတိုင်းအနေနဲ့ ဆန္ဒပြနေရာတွေကနေ အေးချမ်းစွာ ပြန်လည် ထွက်ခွာပေးကြဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်" ဟု ဆန္ဒပြလှုပ်ရှားမှုကို စတင်ခဲ့သည့် ပိုးဟပ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ အာရှူးတို့ရှ် ရန်ကာက နယူးဒေလီမြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ပရာဟန် နုတ်ထွက်သွားသည့် သတင်းကြောင့် နယူးဒေလီမြို့ရှိ ဆန္ဒပြရာနေရာတွင် တစ်လကျော်ကြာ စခန်းချခဲ့ကြသော ထောင်နှင့်ချီသည့် ဆန္ဒပြသူများသည် ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြသည်။

Ref: AP

Most Read

Most Recent