ဧရာဝတီတိုင်းဒေသကြီး၏ GDP တိုးတက်လာနိုင်ရန် ပြောင်းစိုက်ဧကတိုးချဲ့နိုင်ရေးနှင့် ပုသိမ်ဆိပ်ကမ်းမှ ပြည်ပသို့ တိုက်ရိုက်တင်ပို့နိုင်ရေး ပိုမိုအားထုတ်ဆောင်ရွက်စေလိုကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က တိုက်တွန်းပြောကြားခဲ့သည်။
ချောင်းသာ၊ Golden Bay ဟိုတယ်၌ ဇူလိူင်လ(၂၅)ရက်က ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းပြောင်းလုပ်ငန်း အသင်း၏ နှစ်ပတ်လည်စုံညီအစည်းအဝေး၌ ဝန်ကြီးချုပ်က ထိုသို့တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“စိုက်ပျိုးရေးကဏ္ဍသည် စားနပ်ရိက္ခာဖူလုံရေး၊ အလုပ်အကိုင်ဖန်တီးရေး၊ ကျေးလက် လူမှုဘဝဖွံ့ဖြိုးတိုးတက် ရေးနှင့် နိုင်ငံ၏စီးပွားရေး တိုးတက်မှုအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသ ကြီးသည် စပါးထုတ်လုပ်မှုသာမက ပြောင်းအပါအဝင် အခြားစီးပွားရေးသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်သည့် အလားအလာမြင့်မားသောဒေသဖြစ်ပါကြောင်း၊ ပြောင်းလုပ်ငန်းသည် စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ကုန်ထုတ် လုပ်မှု၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများကို ချိတ်ဆက်ပေးသည့် ကဏ္ဍဖြစ်သောကြောင့် အလုပ်အကိုင် ဖန်တီးရေးနှင့် ဒေသတွင်း စီးပွားရေး လည်ပတ်မှုကို အားကောင်းစေသည့်ကဏ္ဍတစ်ခုလည်းဖြစ်ပါကြောင်း” ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပြောကြားခဲ့သည်။
“ဧရာဝတီတိုင်းဒေသကြီးတွင် ပြောင်းစိုက်ပျိုးမြေ ဧက (၄၀,၀၀၀) ကျော်ရှိပြီး နှစ်စဉ် ပြောင်းတန်ချိန် (၁၄၀,၀၀၀) ကျော် ထွက်ရှိလျက်ရှိကြောင်း၊ ပြည်တွင်းစားသုံးမှုကိုသာမက ပြည်ပဈေးကွက်အတွက်ပါ အရည်အသွေးမြင့်ပြောင်း ထုတ်လုပ်ပေးနိုင်သည့်အရေးပါသော ထုတ်လုပ်မှုဒေသတစ်ခု ဖြစ်လာနိုင်ပါကြောင်း၊ ထွက်ရှိသည့်ကုန်များကို ပုသိမ်ဆိပ်ကမ်းမှ ပြည်ပသို့တိုက်ရိုက် တင်ပို့နိုင်ပါက တိုင်းဒေသကြီး၏ GDP တိုးတက်လာမည်ဖြစ်သည့်အတွက် ဧရာဝတီပြောင်းအသင်းအနေဖြင့် ပြောင်းစိုက်ဧကတိုးချဲ့နိုင်ရေး၊ ပုသိမ်ဆိပ်ကမ်းမှအခြားနိုင်ငံများသို့တင်ပို့နိုင်ရေး ပိုမိုအားထုတ်ဆောင်ရွက်စေလိုကြောင်း” ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
ယင်းအစည်းအဝေး၌ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းဥက္ကဋ္ဌက အသင်း၏ ဆောင်ရွက်ချက်များနှင့် ဧရာဝတီပြောင်းလုပ်ငန်းအသင်းဥက္ကဋ္ဌက ရှေ့လုပ်ငန်းစဉ်များ တင်ပြခဲ့ကြောင်း သိရသည်။
■Photos: Ayeyarwady Region Government















