မြိတ်မြို့ရှိ အခမဲ့ဆေးခန်းမှ ကော်မတီဝင်တစ်ဦးဖြစ်သူ ဒေါက်တာ တင်စိုးမိုးနှင့် ဆက်သွယ်မေးမြန်းခြင်း

မြိတ်မြို့ရှိ အခမဲ့ဆေးခန်းမှ ကော်မတီဝင်တစ်ဦးဖြစ်သူ ဒေါက်တာ တင်စိုးမိုးနှင့် ဆက်သွယ်မေးမြန်းခြင်း
Published 25 July 2026

" ဆေးကုန်ကျစရိတ်က လောလောဆယ်ဆို တစ်လကို သိန်း ၂၀၀ ဝန်းကျင်လောက်ကုန်ကျတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာက လူနာတစ်ယောက်ကို နှစ်ပတ်စာ ဆေးအခမဲ့ပေးတယ်"

 

    လက်ရှိတွင် ဆေးစျေးနှုန်းများ ကြီးမြင့်လာမှုများကြောင့် အခြေခံလူတန်းစားများမှာ အခမဲ့ဆေးကုခန်းများကို အားကိုးအားထားပြုလာရသည်။ ယင်းတို့အနက် မြိတ်မြို့ရှိ အခမဲ့ဆေးခန်းမှာလည်း ငွေကြေးမတတ်နိုင်သူများ အားကိုးနေရသည့် ဆေးခန်းတစ်ခုလည်းဖြစ်သည်။     ယင်းအခမဲ့ဆေးခန်းမှာ တစ်ပတ်လျှင် သုံးရက်ဖွင့်လှစ်ကာ ဆေးဝါးမှအစပြုပြီး အခမဲ့ကုသမှုပေးနေခြင်းဖြစ်သည်။ ယင်းသို့ အခမဲ့ကုသပေးနေသည့် မြိတ် အခမဲ့ဆေးခန်းမှ ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ဒေါက်တာ တင်စိုးမိုးအား ဆက်သွယ်မေးမြန်းထားသည်များမှ အချို့ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး။    ။ ဆရာတို့ အခမဲ့ဆေးခန်းကို ဘယ်တုန်းကတည်းက စခဲ့တာလဲခင်ဗျ။

ဖြေ။    ။ ကျွန်တော်တို့ ဆေးခန်းကို ၂၀၂၆ ဇန်နဝါရီ ၈ ရက်နေ့က စဖွင့်တာပေါ့။ တကယ်တမ်းအခြေတည်ခဲ့တာကတော့ ကျွန်တော်တို့ ကိုဗစ်ကာလတည်းက အခြေတည်ခဲ့တာပေါ့။ ကိုဗစ်ကာလကမှာကျတော့ Fever Clinic အနေနဲ့ လုပ်ခဲ့တာပေါ့။

မေး။   ။ ဘယ်လိုရည်ရွယ်ချက်နဲ့ အခုလို အခမဲ့ဆေးခန်းကို လုပ်ဖြစ်တာလဲခင်ဗျ။

ဖြေ။   ။ ဘယ်လိုရည်ရွယ်ချက်လဲဆိုတော့ လောလောဆယ် ပြည်သူတော်တော်များများအတွက် ကျန်းမာရေးအသိတွေ၊ ကျန်းမာရေးဗဟုသုတတွေနဲ့ ကုသမှုခံယူတဲ့အချိန်မှာလည်း သူတို့အနေနဲ့ ဆေးခန်းဆေးရုံတွေ သွားရတဲ့အချိန်မှာလည်း သူတို့အနေနဲ့ အခက်အခဲလေးတွေရှိတယ်ပေါ့နော်။ ကျွန်တော်တို့ကတော့ ကျန်းမာရေးအတွက်နိုင်တဲ့ဘက်ကနေ ကူပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပဲ လုပ်ဆောင်တာပါ။

မေး။   ။ ဆရာတို့အနေနဲ့ အခမဲ့ဆေးခန်းကို ဘယ်လိုပုံစံနဲ့ ရပ်တည်နေပါသလဲ။

ဖြေ။    ။ ကျွန်တော်တို့ကတော့ အခုလောလောဆယ် အလှူရှင်တွေရဲ့ အလှူငွေနဲ့ပဲ ရပ်တည်နေတာပေါ့။ ကျွန်တော်တို့လည်း တကယ်လည်း အလုပ်လုပ်နေတာဆိုတော့ အလှူရှင်တွေကလည်း မနေကြပါဘူး။ တကယ်တမ်းမှန်မှန်ကန်ကန်နဲ့ အလုပ်လုပ်နေကြတော့လေ။ အခုဆို လူနာတွေရဲ့ အားကိုးမှုကလည်း များလာတယ်။ အလှူရှင်တွေကလည်း များလာပါတယ်။ ကျွန်တော်တို့ကတော့အလှူငွေနဲ့ပဲ ရပ်တည်တာပေါ့။

မေး။    ။ ဆေးခန်းက တပတ်ကို ဘယ်နှစ်ရက်ဖွင့်တာလဲခင်ဗျ။

ဖြေ။    ။ တပတ်ကို သုံးရက်ပေါ့။ အင်္ဂါ၊ ကြာသပတေး၊ စနေပါ။ အကုန်လုံးကို အခမဲ့ပါ။ ဆေးဝါးကအစပေါ့။

မေး။    ။ ဆရာတို့ အခမဲ့ဆေးခန်းအနေနဲ့ ရပ်တည်ဖို့ တစ်လကို ဘယ်လောက်ကုန်ကျပါသလဲခင်ဗျ။

ဖြေ။    ။ တစ်လကို လူနာက ၁၃၀၀ ဝန်းကျင်လောက်ရှိတယ်။ ဆေးကုန်ကျစရိတ်က လောလောဆယ်ဆို တစ်လကို သိန်း ၂၀၀ ဝန်းကျင်လောက်ကုန်ကျတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာက လူနာတစ်ယောက်ကို နှစ်ပတ်စာ ဆေးအခမဲ့ပေးတယ်။ နှစ်ပတ်စာဆိုရင် အနည်းဆုံး နှစ်သောင်းလောက်ရှိတယ်။ သိန်း ၂၀၀ ပတ်ချာလည်လောက်က ဆေးဖိုးချည်းပဲပေါ့။ ကျန်တဲ့ Operation Fees တွေနဲ့ဆို သိန်း ၂၅၀၊ ၃၀၀ လောက်ရှိတယ်။ ကျွန်တော်တို့ဆီမှာက ဝန်ထမ်းအားလုံးဆို ၂၅ ယောက်ရှိတယ်ပေါ့။ တော်တော်များများကတော့ စေတနာ့ဝန်ထမ်းတွေချည်းပါပဲ။ အဲ့ဒီထဲကမှ ငါးယောက်လောက်ပဲ မုန့်ဖိုးပေးတာတွေရှိတယ်။ ကျန်တာကတော့ ဘာမှမရှိဘူး။ သူတို့လာတဲ့အချိန်မှာ စားဖို့သောက်ဖို့ စီစဉ်ပေးရတယ်။ ဆေးခန်းအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ဝယ်တယ်။ လူနာတွေအတွက် Register စာအုပ်တွေ ဝယ်ရတယ်။ အဲ့ဒါတွေ အားလုံးပေါင်းရင်တော့ တစ်လကို ၂၅၀၊ ၃၀၀ လောက်ကုန်တယ်။

မေး။    ။ ဆရာတို့အနေနဲ့ အခမဲ့ဆေးခန်းကို ရက်တိုးချဲ့ ဖွင့်လှစ်ဖို့များရှိသလားခင်ဗျ။

ဖြေ။     ။ ကျွန်တော်တို့ Plan အနေနဲ့ကတော့ နိုင်သလောက် တိုးချဲ့ပေးသွားမှာပေါ့နော်။ တကယ်တမ်းပြောရင်တော့ တပတ်မှာ သုံးရက်မှာ တစ်ရက်ကို လူနာအနည်းဆုံး ၂၀၀ ကျော်လောက်အထိ လာတဲ့ရက်တွေရှိပါတယ်။ စလုပ်တဲ့အချိန်တုန်းက ကျွန်တော်တို့က ကလေးတွေကို Training ပေးပြီး လုပ်ခဲ့ရတာပေါ့နော်။ ပြီးတော့ ကျွန်တော်တို့ဆီမှာ ဆရာဝန် သုံးယောက်ရှိတယ်။ ပြီးတော့ ကျွန်တော်တို့ဆီမှာ အငြိမ်းစားယူထားတဲ့ စစ်စတာတွေ အစရှိတဲ့သူတွေက ပရဟိတ လုပ်ကြတာပေါ့။ လာပြီး ပူးပေါင်းဆောင်ရွက်ကြတာပေါ့။ အခုကတော့ အင်အားကတော့ တက်လာပြီ။ကျွန်တော်တို့လည်း တက်လာတဲ့အင်အားပေါ်မူတည်ပြီးတော့ နိုင်ရင် နိုင်သလိုပဲ ကျွန်တော်တို့ တိုးချဲ့ပြီးတော့ လုပ်သွားမှာပါ။

မေး။    ။ လက်ရှိမှာ ဆေးဝါးစျေးနှုန်းတွေကလည်း ကြီးနေတယ်။ ဆရာတို့က အခမဲ့ဆေးခန်းဆိုတော့ ဘာအခက်အခဲတွေများရှိသလဲဆရာ။

ဖြေ။    ။ လတ်တလောအခြေအနေမှာတော့ ပြေပါတယ်။ ကျွန်တော်တို့လည်း နိုင်သလောက်ကြိုးစားပြီးတော့ ရပ်တည်နေတာပေါ့။ လက်ရှိအခြေအနေကတော့ ပြေပါတယ်။ ရေရှည်အတွက် ကျွန်တော်တို့ ချိန်ထားတာကတော့ နောက်ပိုင်းမှာ ဆေးပဒေသာပင်လုပ်မယ်။ နောက်ပိုင်းမှာ ဖောင်ဒေးရှင်းတစ်ခုထောင်ပြီးတော့ ဆက်သွားဖို့လည်း ရည်မှန်းထားတယ်။

Most Read

Most Recent