အီရန်အပေါ် အမေရိကန်၏ တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် ဘာရိန်း၊ ဂျော်ဒန်နှင့် ကူဝိတ်နိုင်ငံတို့ရှိ အမေရိကန် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အီရန်စစ်တပ်က ဇူလိုင် ၂၄ ရက်တွင် ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဘာရိန်းနိုင်ငံရှိ အမေရိကန်၏ Amazon ကုမ္ပဏီပိုင် ဒေတာစင်တာတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အစိုးရမီဒီယာများက ဖော်ပြခဲ့သော်လည်း Amazon နှင့် ဘာရိန်းအစိုးရကမူ ထိုသတင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိသေးပေ။
"ဒီနေ့မနက်မှာ ဘာရိန်းနိုင်ငံ အီဆာ လေတပ်စခန်းမှာရှိတဲ့ အမေရိကန်စစ်တပ်ရဲ့ စက်သုံးဆီကန်တွေ၊ အဓိက စက်ပစ္စည်း ဂိုဒေါင်တွေနဲ့ ကျည်ဆန် သိုလှောင်ရုံတွေ၊ တပ်စခန်းတွေကို Arash ဒရုန်းတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်" ဟု အီရန်စစ်တပ်က အစိုးရရုပ်မြင်သံကြားမှ ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့သည်။
ထို့နောက် ဘာရိန်းနိုင်ငံက အီရန်သည် အရပ်သားများကို ပစ်မှတ်ထားနေသည်ဟု စွပ်စွဲခဲ့ပြီး အီရန်၏ လေကြောင်းတိုက်ခိုက်မှု အများအပြားကို ကြားဖြတ်ဟန့်တားပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဂျော်ဒန်နိုင်ငံ Al-Azraq စခန်းရှိ လေယာဉ်ရုံများ၊ လေကြောင်း ထိန်းသိမ်းရေးရုံများနှင့် တပ်စခန်းများကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်းလည်း အီရန်စစ်တပ်က ပြောဆိုခဲ့သည်။
ဂျော်ဒန် စစ်တပ်က ဇူလိုင် ၂၄ ရက်တွင် အီရန်၏ ဒုံးကျည် ၇ စင်းနှင့် ဒရုန်း ၆ စင်းတို့ကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်းနှင့် အဆိုပါ စစ်ဆင်ရေးအတွင်း ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပစ္စည်းများပျက်စီးဆုံးရှုံးမှု မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
သီးခြားထုတ်ပြန်ချက်တစ်ခုတွင် အီရန်စစ်တပ်က ကူဝိတ်နိုင်ငံ Camp Udairi စစ်စခန်းရှိ အမေရိကန် စက်ပစ္စည်း ဂိုဒေါင်များနှင့် Camp Doha စစ်စခန်းနှင့် Camp Arifjan စစ်စခန်းများရှိ အမေရိကန် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာများကို ဒရုန်းများဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ကူဝိတ်နိုင်ငံရှိ အလီ အယ်လ် ဆာလမ် လေတပ်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောကြားခဲ့ပြီး လက်နက်ခဲယမ်းသိုလှောင်ရုံတစ်ခုကို ဖျက်ဆီးနိုင်ခဲ့ကာ အမေရိကန်တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
Ref: AFP















