မော်လမြိုင် ချစ်သူလမ်းကြားတွင် ဆိုင်ကယ် Taxi မောင်းသမား အသတ်ခံရမှုမှ ကျူးလွန်သူဟု ယူဆရသူများကို သက်ဆိုင်ရာက ဖမ်းဆီးရမိ

မော်လမြိုင် ချစ်သူလမ်းကြားတွင် ဆိုင်ကယ် Taxi မောင်းသမား အသတ်ခံရမှုမှ ကျူးလွန်သူဟု ယူဆရသူများကို သက်ဆိုင်ရာက ဖမ်းဆီးရမိ
Published 25 July 2026
ဘိုဘိုမြင့်

မော်လမြိုင်မြို့ တောင်ရိုးတန်း View Ponit အောက်ဘက် ချစ်သူလမ်းကြားတွင် ဆိုင်ကယ် Taxi မောင်းသမားအသတ်ခံရမှုမှ ကျူးလွန်သူဟု ယူဆရသူများအား သက်ဆိုင်ရာက ဖမ်းဆီးရမိထားကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဇူလိုင် ၂ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ တောင်ရိုးတန်း View Ponit အောက်ဘက် ချစ်သူလမ်းကြားတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် ဆိုင်ကယ် Taxi မောင်းသမားတစ်ဦး၏ ရုပ်အလောင်းအားတွေ့ရှိခဲ့ရကြောင်း၊ သေဆုံးနေသူမှာ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ စာရေးကြီးကုန်းရပ် (၆) လမ်းနေ အသက် (၄၅) နှစ်အရွယ် ဦးအောင်ဟိန်းဦး ဆိုသူဖြစ်ကြောင်းနှင့် ၎င်းမှာ ဇူလိုင် ၁ ရက်နေ့ ညပိုင်းကတည်းက အသတ်ခံရပြီး ဆိုင်ကယ်လုယက်ခံခဲ့ရခြင်းဖြစ်သည်။

ထိုဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသူတစ်ဦးအား ဇူလိုင် ၂၃ ရက်နေ့က ကရင်ပြည်နယ် မြဝတီမြို့တွင် ဖမ်းဆီးရမိထားကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောကြားသည်။

၎င်းကဆက်လက်ပြီး "ဆိုင်ကယ် Taxi မောင်းသမားကို သတ်ဖြတ်ပြီးတော့ ဆိုင်ကယ်လုယက်သွားသူက သုံးယောက်လို့ သိရပါတယ်။ တစ်ယောက်ကိုတော့ ဖမ်းဆီးရမိထားပါပြီး။ ကျန်နှစ်ယောက်ကိုလည်း နာမည်နဲ့အတိအကျ သတင်းရရှိထားပြီး ဖမ်းဆီးရမိနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်" ဟု ပြောကြားသည်။

ဆိုင်ကယ် Taxi သမားဖြစ်သူ ဦးအောင်ဟိန်းဦး မှာ ဇူလို်ငလ (၁) ရက်နေ့ ညနေ (၅) နာရီခွဲအချိန်ခန့်က ဆိုင်ကယ် Taxi မောင်းနှင်ရန် နေအိမ်မှထွက်ခွာသွားရာမှ ည (၁၁) နာရီအချိန်အထိနေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသည့်အတွက် ၎င်းကိုင်ဆောင်သော လက်ကိုင်ဖုန်းအား မိသားစုဝင်များက အကြိမ်ကြိမ်ဆက်သွယ်ရာ ဖုန်းဝင်သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

ထို့နောက် ဇူလိုင်လ (၂) ရက်နေ့န့နက် (၆) နာရီအချိန်တွင် ဦးအောင်ဟိန်းဦး ၏ လက်ကိုင်ဖုန်းအား မိသားစုဝင်များက ထပ်မံဆက်သွယ်ခဲ့ရာ ယင်းအနီးရှိ လမ်းလုပ်သားတစ်ဦးက ကိုင်ဆောင်ပြီး တည်နေရာအား ပြောကြားခဲ့ပြီးနောက် မိသားစုဝင်များထံ လက်ကိုင်ဖုန်းအား ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် မိသားစုဝင်များက အကျိုးအကြောင်းပြောပြကာ အဆိုပါ ချစ်သူလမ်းကြားဘေးခြုံစပ်အနီးလိုက်လံရှာဖွေမှုများလုပ်ဆောင်ခဲ့ရာ လမ်းဘေးခြုံအတွင်းမှ ဦးအောင်ဟိန်းဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဦးအောင်ဟိန်းဦး၏ ရုပ်အလောင်းတွင် လည်ပင်း၌ ထိုးသွင်းဒဏ်ရာ (၃) ချက်တွေ့ရှိရပြီး ဆိုင်ကယ်မှာလည်း ပျောက်ဆုံးနေသည့်အတွက် လူသတ်ကာ ဆိုင်ကယ်လုယက်ခံခဲ့ရခြင်းဖြစ်ကြောင်းနှင့် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မော်လမြိုင်မြို့၊ စစ်ကဲကုန်းနယ်မြေရဲစခန်းတွင် အမှုကြီးအမှတ်စဉ် (၁/၂၀၂၆)၊ (ပ) ၇၇/၂၀၂၆၊ ရာဇာသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

Most Read

Most Recent