လယ်ဝေးနှင့် ဒလမြို့နယ်တို့တွင် ပင်လယ်ပြင်သို့ ပို့ဆောင်မည့် ကျပ် ၂၀ ဘီလျံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၈၀၀ ကီလိုကျော် ဖမ်းဆီးရမိကြောင်း သိရသည််။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် သတင်းအရ ဇူလိုင် ၆ ရက် ည ၁၀ နာရီခွဲတွင် လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာအနီးတွင် ကျော်ဦး မောင်းနှင်ပြီး ဇော်ဇော်ထွန်း လိုက်ပါလာသည့် GOVZCT ၆ ဘီးယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ် ၁၂ ဒသမ ၅ ဘီလျံ)အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ဇူလိုင် ၇ ရက် ည ၇ နာရီခွဲခန့်တွင် ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ဇေယျာလင်းနှင့် ထွေးမင်းဇော်တို့ နှစ်ဦးအား မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းဆုံတွင်လည်းကောင်း၊ ဇူလိုင် ၈ ရက် နံနက် ၈ နာရီခွဲအချိန် မျိုးသန်းအား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၌ TOYOTA HILUX SURF ယာဉ် ၁ စီးနှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့၏ ဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၁၁ နာရီခွဲအချိန် ဝေထွန်း ပိုင်ဆိုင်သည့် ဒလမြို့၊ မှောက်စက်ရပ်ကွက်၊ ရန်ကုန်မြစ်ကမ်းတွင် စိုက်ကပ်ထားသော မိဘမေတ္တာ(၁)စက်လှေပေါ်မှ ခင်မောင်ထွန်း၊ စမျိုးမင်း၊ ကျော်ကျော်ဝင်း၊ ဝင်းနိုင်ဦး၊ မိုးဇော်ဦး၊ မောင်မောင်၊ ချိုလွင်၊ သန်းဝေ၊ လှမျိုးခိုင်၊ မြင့်ခိုင်တို့ ၁၀ ဦး အား အိုက်စ်(မက်သ်အဖက်တမင်း) ၃၁၀ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၇ ဒသမ ၇၅ ဘီလျံ) နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည််။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ပင်လယ်ပြင်သို့သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကျော်ဦးအား ကွမ်းခြံကုန်းမြို့နယ်၌လည်းကောင်း၊ ရာဇာဟိန်းအား ဗိုလ်တထောင်မြို့နယ်၌ လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရန်ကုန်သို့ တာဝန်ခံသယ်ဆောင်သူမှာ လားရှိုးမြို့နယ်၊ ပန်ဟိုးကျေးရွာနေ ရန်ကြားရှော(ခ)ရန်ကုလား(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး ရန်ကုန်မှ ပင်လယ်ပြင်သို့ တင်ပို့ရာတွင် အဓိက စီမံခန့်ခွဲသူမှာ မှော်ဘီမြို့နယ်၊ ညောင်ပင်သာရွာနေ ဝေထွန်း(ဖမ်းဆီးရန်ကျန်) ဝီလျံထွန်းကုမ္ပဏီပိုင်ရှင်ဖြစ်ကာ ၎င်းနှင့်အတူ ပူးပေါင်းပါဝင်သော ဝီလျံထွန်းကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင်များဖြစ်သည့် ဒေါပုံမြို့၊ နွယ်အေးရပ်ကွက်နေ မြတ်သူ(ဖမ်းဆီးရန်ကျန်)၊ တာမွေမြို့နယ်နေ ရာဇာဟိန်း(ခ)ရာဇာ၊ မြောက်ဒဂုံမြို့နယ်နေ မျိုးသန်းတို့သည် ရန်ကုန်မှတစ်ဆင့် ပင်လယ်ပြင်သို့ သယ်ဆောင်ရောင်းဝယ်ခဲ့သူများဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။















