ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၌ နှစ်ရက်အတွင်း အထောက်အထားမဲ့မြန်မာနိုင်ငံသား (၃၆) ဦး ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီး

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၌ နှစ်ရက်အတွင်း အထောက်အထားမဲ့မြန်မာနိုင်ငံသား (၃၆) ဦး ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီး
Published 17 July 2026

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၌ နှစ်ရက်အတွင်း အထောက်အထားမဲ့မြန်မာနိုင်ငံသား (၃၆) ဦး ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၅) ရက်နေ့ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ ကန်ချနဘူရီမြို့နယ်၊ ဝမ်ဒုန်း (Wang Dong) ကျေးရွာအုပ်စုအတွင်းရှိ လမ်းမကြီးပေါ်၌ ထိုင်းအာဏာပိုင်များက သတင်းပေးချက်အရစောင့်ဆိုင်းနေစဉ် မသင်္ကာဖွယ်ရာ TOYOTA REVO အမျိုးအစားယာဉ်အား တွေ့ရှိ၍  စစ်ဆေးရန် ရပ်တန့်ခိုင်းခဲ့သော်လည်း မောင်းနှင်ထွက်ပြေးသွားသည့်အတွက် ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရသည်။

ထို့နောက် ထိုင်းအာဏာပိုင်များမှ မော်တော်ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်မောင်းဖြစ်သူ အသက် (၄၈) နှစ်အရွယ် ထိုင်းလူမျိုး နစ် ဆိုသူနှင့်အတူ မော်တော်ယာဉ်နောက်ခန်းနှင့် ကားနောက်ဖုံး မိုးကာအောက်တို့၌ အဝတ်အစားများကြား၌ ပြွတ်သိပ်လိုက်ပါလာသည့် အထောက်အထားမဲ့မြန်မာနိုင်ငံသား အမျိုးသား (၄) ဦးနှင့် အမျိုးသမီး (၆) ဦး၊ စုစုပေါင်း (၁၀) ဦးတို့အားတွေ့ရှိရသဖြင့် အားလုံးကို ဖမ်းဆီးကာ လတ်ယာရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ထိုင်းသတင်းများ၏ ဖော်ပြချက်များအရ သိရသည်။

ဖမ်းဆီးရမိခဲ့သည့် အထောက်အထားမဲ့မြန်မာနို်ငငံသားများအား ထိုင်းအာဏာပိုင်များကစစ်ဆေးခဲ့ရာ ၎င်းတို့မှာ ဘန်ကောက်နှင့် ဖက်ချာဘူရီ (Phetchaburi) ခရိုင်တို့အတွင် အလုပ်လုပ်ကိုင်ရန်အတွက် ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူဒေသမှ တရားမဝင်လမ်းကြောင်းများမှတဆင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးစရိတ်အဖြစ် ပွဲစားဖြစ်သူအား ထိုင်းဘတ်ငွေ (၁၄၀၀၀) မှ (၁၈၀၀၀) ဘတ်အထိ ပေးဆောင်ခဲ့ရကြောင်းနှင့် ယာဉ်မောင်းဖြစ်သူ ထိုင်းလူမျိုး နစ် မှာလည်း ထို အထောက်အထားမဲ့မြန်မာနိုင်ငံသားများ သတ်မှတ်နေရာသို့ ပို့ဆောင်ပြီးပါက ထိုင်းဘတ်ငွေ (၇၀၀၀) ရရှိမည်ဖြစ်ကြောင်းကို ထွက်ဆိုချက်ပေးထားကြောင်းလည်း ထိုင်းသတင်များက ဆိုထားကြသည်။

ထိုဖြစ်စဉ်မှ ထိုင်းလူမျိုး ယာဉ်မောင်းဖြစ်သူအား တရားမဝင်နိုင်ငံခြားသားများအား ဖုံးကွယ်ကူညီမှု ဖြင့်အမှုဖွင့်ထားပြီး၊ အထောက်အထားမဲ့မြန်မာနိုင်ငံသား (၁၀) ဦးကိုလည်း ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ထိုင်းသတင်းများ၏ ဖေါ်ပြချက်များအရ သိရသည်။

အလားတူ ဇူလိုင်လ (၁၆) ရက်နေ့ ဒေသစံတော်ချိန်ည (၁၀) နာရီခွဲအချိန်ခန့်ကလည်း ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ နောင်လူး (Nong Lu) တိုက်နယ်၊ မူး (၈) ရွာအတွင်း ထိုင်းအာဏာပိုင်များက ကင်းလှည့်နေစဉ် တောစပ်အနီးစုထိုင်နေကြသည့် မသင်္ကာဖွယ်ရာ လူတစ်စုအားတွေ့ရှိရ၍ ဝင်ရောက်စစ်ဆေးခဲ့ရာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၂၂) ဦးအားတွေ့ရှိရ၍ စံခလဘူရီရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြသည်။

 ထိုအထောက်အထားမဲ့ မြန်မာနိုင်ငံသားများအား စံခလဘူရီရဲစခန်းတွင် ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း တရားမဝင်၊ ဝင်ရောက်နေထိုင်မှု ဖြင့်အမှုဖွင့်အရေးယူထားကြောင်း ထိုင်းသတင်းများ၏ ဖေါ်ပြချက်များအရ သိရသည်။

ထို့အတူ ဇူလိုင်လ (၁၆) ရက်နေ့ညပိုင်းမှာပင် စံခလဘူရီမြို့နယ်အတွင်း စက်သုံးဆီဆိုင်တစ်ဆိုင်တွင် ရပ်တန့်ထားသည့် Isuzu D – Max မော်တော်ယာဉ်အား ထိုင်းအာဏာပိုင်များက စစ်ဆေးခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာကြသည့် အ‌ောက်အထားမဲ့ မြန်မာနိုင်ငံသား (၄) ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းနှင့် ၎င်းတို့အား ထိုင်း လ.ဝ.က ဥပဒေဖြင့်အရေးယူရန် စံခလဘူရီရဲစခန်းသို့ ပို့ဆောင်လိုက်ကြောင်း ထိုင်းသတင်းများ၏ ဖေါ်ပြထားချက်များအရ သိရသည်။

ဘိုဘိုမြင့်

Photo Credit – Thai News

Most Read

Most Recent