■မော်တော်ဆိုင်ကယ်များ မောင်းနှင်ရာတွင် ဦးထုပ်မဆောင်းခြင်း၊ နံပါတ်ပြားမတပ်ခြင်း ၊ နောက်ကြည့်မှန် တပ်ဆင်ထားမှု မရှိခြင်းစသည့် စည်းကမ်းချက်များ လိုက်နာမှု မရှိသူများကို ဖမ်းဆီးအရေးယူ
ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များတွင် မော်တော်ယာဉ် အသိပညာပေးခြင်းနှင့် ယာဉ်စည်းကမ်းမလိုက်နာသူများအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း အမှတ် (၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (ရှမ်းတောင်)ထံမှ သိရသည်။
၂၀၂၆ ခုနှစ် ဇူလိုင် ၂ ရက်တွင် တောင်ကြီးမြို့ စူဠာမုနိဘုရား သွားလမ်းတွင်လည်းကောင်း၊ ဧရာဝတီ လမ်းဆုံတွင် လည်းကောင်း၊ မြို့လယ် BOC အရှေ့ တွင် လည်းကောင်း စည်းကမ်းပျက် မော်တော်ယာဉ်များ အရေးယူခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမှတ် (၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (ရှမ်းတောင်) မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ မှ ဇွန်လ အထိ ပညာပေးဟောပြောမှု (၂၃) ကြိမ်ဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင် ၄၁၅၆ စောင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အမှတ် (၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (ရှမ်းတောင်) မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ မှ ဇွန်လ အထိ စည်းကမ်းပျက်ယာဉ်အရေးယူဆောင်ရွက်မှုအဖြစ် မော်တော်ယာဉ် (၄၂၀) စီး၊ မော်တော်ဆိုင်ကယ် (၆၂၆) စီး စုစုပေါင်း (၁၀၄၆) စီးတို့အား တရားစွဲတင်ပို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်တောင်ပိုင်း ရှိ ခရိုင် (၈) ခုရှိ မြို့နယ် အသီးသီး တို့တွင် မော်တော်ယာဉ် ပညာပေးဆောင်ရွက်မှုနှင့် စည်းကမ်းပျက်အရေးယူမှု များ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"တောင်ကြီးမြို့ပေါ်နှင့် ယာဉ်အသွားအလာများသည့်မြို့များတွင် မော်တော်ယာဉ် အသိပညာပေး နှင့် စည်းကမ်းပျက် အရေးယူခြင်းများ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်"ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (ရှမ်းတောင်) မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
မော်တော်ဆိုင်ကယ်များ မောင်းနှင်ကြရာတွင် ဦးထုပ်မဆောင်းခြင်း၊ နံပါတ် ပြားမတပ်ခြင်း ၊ နောက်ကြည့်မှန် တပ်ဆင်ထားမှု မရှိခြင်း စသော စည်းကမ်းချက်များ လိုက်နာမှု မရှိသူများကို ဖမ်းဆီး အရေးယူခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူလူထုများ အနေဖြင့် သတ်မှတ်ထားသော မော်တော်ယာဉ်ဥပဒေ၊ စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်ကြရန် နှိုးဆော်ထားကြောင်း သိရသည်။
စည်သာ(တောင်ကြီး)















