■၂၀၂၁ ခုနှစ်တွင် နိုင်ငံရေးကြောင့်ဖြစ်ပေါ်လာသည့် မတည်မငြိမ်မှုများနှင့်အတူ မူးယစ်ဆေးဝါး ထုတ်လုပ်မှုများသည် ပိုမိုကြီးထွားလာပြီး အိန္ဒိယနိုင်ငံကသတင်းများမျှဝေမှုနှင့် အိန္ဒိယနိုင်ငံတွင် ဖမ်းဆီးမှုများလုပ်ဆောင်သည့်အတွက် မူးယစ်ဆေးဝါးနှိမ်နင်းရေး၌ အိန္ဒိယ-မြန်မာ ဘက်ခြမ်းဒေသတွင် ထိန်းချုပ်နိုင်သည့်အနေအထားရှိဟုဆို
မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းကို အလေးထားပြီး လုံခြုံရေးအခြေအနေ တိုးတက်အောင်ဆောင်ရွက်နေကြောင်းနှင့် မြန်မာနှင့် အိန္ဒိယ နယ်စပ်ဒေသ ပုံမှန်အခြေအနေပြန်လည် ရရှိရေးသည် အရေးကြီးဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
အိန္ဒိယနိုင်ငံသို့သွားရောက်ခဲ့သည့်ခရီးစဉ်တွင် အိန္ဒိယနိုင်ငံ Doordarshan(DD India)သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်ရာတွင် နိုင်ငံတော်သမ္မတက ထိုသို့ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က" ဒီသုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းပေါ့၊ မြန်မာရယ် ထိုင်းရယ် အိန္ဒိယရယ် ခရီးစဉ်၊ ဒီလမ်းကမိုင်ပေါင်း ၈ဝဝ ကျော်လောက်ရှည်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့က ထိုင်းနဲ့ မြန်မာလမ်းကြောင်းတွေကတော့ အတော်များများဖွင့်နေပြီ သွားနေကြတာဖြစ်ပါတယ်။ အိန္ဒိယဘက်ခြမ်းကတော့ အရေးကြီးတာပေါ့။ အိန္ဒိယမှာလည်း အရှေ့မြောက်ဒေသနဲ့ ကျွန်တော်တို့တမူးနဲ့ မိုရေးနဲ့ ဆက်သွယ်တဲ့လမ်းပေါက်၊ ဒီဘက်ကိုသွားတဲ့လမ်းကြောင်းပေါ့။ ဒီဟာကတော့ ပိုပြီးတော့ အိန္ဒိယနိုင်ငံအတွက် ပိုအရေးကြီးပါတယ်။ အရေးကြီးတာက မြန်မာနိုင်ငံကို အိန္ဒိယထုတ်ကုန်တွေ နယ်စပ်ကုန်သွယ်ရေးကတစ်ဆင့်လာနိုင်ဖို့တစ်ချက်ရယ်၊ အိန္ဒိယပြည်သူ၊ ပြည်သားတွေ မြန်မာနိုင်ငံကို နယ်စပ်လမ်းပေါက် ဒီနယ်စပ်ဂိတ်ကနေပြီးတော့ မြန်မာနိုင်ငံကို ကူးလူးဆက်ဆံနိုင်ဖို့ရယ်ကို ဒီနှစ်ခုကတော့ ပိုပြီးတော့ ဦးစားပေးစဉ်းစားရမှာပေါ့လေ"ဟု ပြောကြားသည်။
ထို့ပြင်လုံခြုံရေးအခြေအနေအရ အချို့နေရာများတွင် အခက်အခဲရှိ၍ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းစီမံကိန်းကို ရပ်ထားခြင်းများရှိကြောင်း၊ လက်ရှိတွင် လုံခြုံရေးအခြေအနေတိုးတက်အောင် ဆောင်ရွက်နေခြင်းများရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် မြန်မာ့နိုင်ငံရေးအခြေအနေအရ ယင်းဒေသများတွင် မတည်မငြိမ်ဖြစ်ကာ လက်ရှိတွင်တပ်မတော်က အဆိုပါနေရာဒေသများကို ရှင်းလင်းနေကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
"မကြာခင်မှာ ကျွန်တော်တို့နယ်စပ်နဲ့နီးတဲ့ အဓိကမြို့လေးတစ်မြို့ရှိပါတယ်။ ကလေးနဲ့ တမူးကို ဆက်သွယ်တဲ့လမ်းကြောင်းကိုအရင်ဆုံးဖွင့်နိုင်ဖို့အတွက် အမြန်ဆုံးကြိုးစားနေပါတယ်။ အဲဒါကြိုးစားပြီးရင်တော့ နယ်စပ်ဂိတ်ဖွင့်လို့ရပြီဖြစ်ပါတယ်။ ဒါဆိုလို့ရှိရင်တော့ အဲဒီကနေပြီးတော့ မြန်မာနိုင်ငံအလယ်ပိုင်းကို ဖြတ်ပြီးတော့မှ ထိုင်းနိုင်ငံကိုသွား။ အဓိကကတော့ မြန်မာနဲ့ အိန္ဒိယနယ်စပ်ဒေသ ပုံမှန်အခြေအနေ ပြန်လည်ရရှိရေးကတော့ ပိုအရေးကြီးပါတယ်။ ဒါကိုဦးစားပေးဆောင်ရွက်နေပါတယ်။ ကျွန်တော်လည်း အင်မတန်အလေးထားတဲ့ စီမံကိန်းတစ်ခုဖြစ်တယ်ဆိုတာ ပြောလိုပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့အတူ လက်နက်ကိုင်ပဋိပက္ခနှင့် မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံရေးပေါ်တွင် များစွာတည်မှီကြောင်း၊ ယခင်ကဗဟိုအစိုးရဦးစီးစနစ်ဖြင့်သွားခဲ့ကြောင်း၊ ယင်းကာလနောက်ပိုင်းတွင် နိုင်ငံရေးသဘောထား ကွဲလွဲသူများရှိကြောင်း၊ တိုင်းရင်းသားအဖွဲ့အစည်းများရှိကြောင်း၊ တိုင်းရင်းသားများ၏အခွင့်အရေး နှင့်ပတ်သက်၍ တောင်းဆိုသည့်အဖွဲ့များလည်းရှိကြောင်း၊ အဆိုပါကိစ္စရပ်များကြောင့် လက်နက်ကိုင် ပဋိပက္ခများဖြစ်လာကြောင်း၊ လက်နက်ကိုင်ပဋိပက္ခမှတစ်ဆင့် ၎င်းတို့၏ရပ်တည်မှုရရှိရန် မူးယစ်ဆေးဝါးများ ထုတ်လုပ်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာကြောင်း၊ သို့သော် ၂၀၂၀ ပြည့်နှစ်ဝန်းကျင်အထိ မြန်မာနိုင်ငံအနေဖြင့် ထိန်းချုပ်နိုင်ခဲ့သည့် အနေအထားဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
နိုင်ငံတော်သမ္မတက''သို့သော် ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေးကြောင့်ဖြစ်ပေါ်လာသည့် မတည်မငြိမ်မှုတွေနဲ့အတူ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေကလည်း ပိုပြီးကြီးထွားလာတာပေါ့လေ။ ဒါကိုကျွန်တာ်တို့ ပြင်းပြင်းထန်ထန် အရေးယူနေတာရှိပါတယ်။ အိန္ဒိယနိုင်ငံကနေပြီးတော့ ရရှိတဲ့သတင်းတွေကို ကျွန်တော်တို့ကို မျှဝေပေး တာရှိသလို အိန္ဒိယနိုင်ငံမှာလည်း ဖမ်းဆီးမှုတွေလုပ်တဲ့အတွက်ကြောင့် အတိုင်းအတာတစ်ခုအထိ မူးယစ်ဆေးဝါးနှိမ်နင်းရေးမှာတော့ အိန္ဒိယ-မြန်မာ အခြမ်းမှာတော့ တော်တော်လေး ထိန်းချုပ်နိုင်တဲ့ အနေအထားရှိပါတယ်။ သို့သော်ကျွန်တော်ပြီးပြတ်အောင်လုပ်ဖို့ရှိတယ်။ အဲဒီမှာလုပ်နိုင်ဖို့ဆိုရင် ကျွန်တော်တို့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ တည်ငြိမ်တဲ့နိုင်ငံရေးဖြစ်အောင် မြန်မာနိုင်ငံက လုပ်ရမယ်။ ကျွန်တေ်တို့ ဒီမိုကရေစီနိုင်ငံသွားနေတာဖြစ်တယ်။ ကျွန်တော်တို့တာဝန်ယူထားတဲ့ အစိုးရအနေနဲ့ ဒီမိုကရေစီခိုင်ခိုင်မာမာဖြစ်အောင်ကျွန်တော်တို့သွားမယ်" ဟု ပြောကြားသည်။
နိုင်ငံအရေးအပေါ်တွင်မူတည်၍တောင်းဆိုခြင်း၊ တိုင်းရင်းသားနှင့်ပတ်သက်၍ တောင်းဆိုခြင်းတို့အပေါ် ဒီမိုကရေစီစနစ်ကျစွာဖြင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့သွားပါက လက်နက်ကိုင်ဆူပူသောင်းကျန်းမှုများသည် အတိုင်းအတာတစ်ခုအထိ လျော့သွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုများသည်လည်း ကန့်သတ်ချက်များစွာဖြစ်လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
"ဒါကြောင့်ကျွန်တော်တို့ကဒါကို တစ်ဖက်က Parall ကျွန်တော်တို့သွားရမယ်။ အဲဒီတော့ ဒီလိုပဲ လက်နက်ကိုင်ဆူပူမှုတွေလုပ်နေတဲ့ အဖွဲ့အစည်းတွေရှိတဲ့အတွက်ကြောင့်လည်း အိန္ဒိယနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ဆန့်ကျင်နေတဲ့လူတွေက လည်း သူတို့ရဲ့အကာအကွယ်ယူပြီးတော့ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်မှာ အိန္ဒိယနိုင်ငံကိုနှောင့်ယှက်နေတာရှိပါတယ်။ ဒါတွေလည်း တစ်ပြိုင်တည်းလုပ်လို့ရှိရင် ရှင်းသွားမယ်လို့ယူဆပါတယ်။ ကျွန်တော် အတိုင်းအတာတစ်ခုအထိရှင်းခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်အိန္ဒိယဝန်ကြီးချုပ်နဲ့ ဆွေးနွေးတဲ့အခါမှာလည်း ဒီကိစ္စကိုရှင်းပြပါတယ်။ အိန္ဒိယမြန်မာနယ်စပ်မှာရှိတဲ့နေရာတွေက တောတောင်ထူထပ်တဲ့နေရာတွေ၊ သွားရလာရ အင်မတန်ခက်ပါတယ်။ မိုးတွင်းဆိုရင် တော်တော်ခက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အကြိမ်ကြိမ်အခါခါရောက်ဖူးတဲ့နေရာတွေဖြစ်နေပါတယ်" ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ကြောင့် ယင်းဒေသကို မိုးမကျမီကာလတွင် လုံခြုံရေးတိုးတက်အောင်ကြိုးစားဆောင်ရွက်နေကြောင်း၊ လုံခြုံရေးအခြေအနေ ယခုထက်ကောင်းမွန်လာပါက တည်ငြိမ်အေးချမ်းမှုပျက်ပြားနေသည့်ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးကိစ္စရပ်များသည် များစွာလျော့ကျသွားမည်ဖြစ်ဟုယုံကြည်ကြောင်း၊ မကြာမီယင်းကိစ္စရပ်များကို မိမိတို့အနေဖြင့် အပြီးပြတ်ဆောင်ရွက်နိုင်မည်ဟုယုံကြည်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ငြိမ်းချမ်းရေးသည် အရေးကြီးဆုံးအခြေအနေဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး မည်သည့်အတွက်ကြောင့် မရှိသနည်းဆိုလျှင် သဘောထားကွဲလွဲမှုများ ဖြစ်လာသည့်အတွက်ကြောင့်ဖြစ်ကြောင်း၊ သဘောထား ကွဲလွဲမှုများ နည်းအောင် ငြိမ်းချမ်းရေးကိုဖော်ဆောင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
နိုင်ငံတော်သမ္မတက" ငြိမ်းချမ်းရေး ဘာကြောင့် မရှိလဲဆိုရင် သဘောထားကွဲလွဲမှုတွေ ဖြစ်လာတဲ့ အတွက်ကြောင့် ငြိမ်း ချမ်းရေး မရှိတာ။ သဘောထားကွဲလွဲမှုတွေနည်းအောင် ကျွန်တော်တို့က ငြိမ်းချမ်းရေးကိုရအောင်ဖော်ဆောင်မယ်။ ကျွန်တော်တာဝန်ယူတဲ့နေ့မှာပဲ လွှတ်တော်ထဲပြောခဲ့တယ်။ နိုင်ငံကိုလည်းပြောခဲ့ပါတယ်။ ရက်ပေါင်း ၁ဝဝ အတွင်းမှာ ငြိမ်းချမ်းရေးရအောင် ကျွန်တော်တို့ကြိုးစား ဆောင်ရွက်မယ်။ ငါးနှစ်အတွင်းမှာ တကယ်တိုင်းပြည်ငြိမ်းချမ်းအောင် ကျွန်တော် ကြိုးစားဆောင်ရွက်မယ်လို့ ကျွန်တော်ပြောခဲ့တာရှိပါတယ်။ ငြိမ်းချမ်းရေးကတော့ ကျွန်တော်တို့ဖိတ်ခေါ်ထားတာရှိပါတယ်။ ကျွန်တော် ဆွေးနွေးပြီးတော့သွားကြမယ်။ တစ်ဖက်ကလည်း လုံခြုံရေးအပိုင်းပေါ့။ လုံခြုံရေးပိုင်းကလည်း လုပ်ရဦးမယ်။ လုံခြုံရေးပိုင်းမှာလည်း တရားဥပဒေစိုးမိုးရေးတွေလုပ်ရတာရှိပါတယ်။ နောက်တစ်ခါ အကြမ်းဖက် ဆန့်ကျင် တယ်။ အကြမ်းဖက်အဖွဲ့မှာနှစ်ပိုင်းရှိတယ်။ တစ်ခုကတော့ EAO တွေဖြစ်ပါတယ်။ နောက်တစ်ခုကတော့ PDF တွေရှိတယ်။ EAO ဆိုတာEthnic Armed Organizations ၊ PDF ကတော့ People Defense Forces ပေါ့။ PDF ကတော့ နိုင်ငံရေးသဘောထားကွဲ လွဲမှုကြောင့်ဖြစ်လာတဲ့ ၂၀၂၁ နောက်ပိုင်းမှာ ပေါ်လာတဲ့အဖွဲ့။ EAO ကတော့ လွတ်လပ်ရေးရပြီးကတည်းက သူတို့ရဲ့ တိုင်း ရင်းသားတွေနဲ့ပတ်သက်တဲ့ အကြောင်းအမျိုးမျိုးသော ကိစ္စတွေနဲ့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တာပေါ့။ ဒါကြောင့် ကျွန်တော်တို့က နှစ်ပိုင်းခွဲပြီး ကြည့်ရင် ပထမဆုံး PDF တွေကို ငြိမ်းချမ်းရေးရော လုံခြုံရေးအပိုင်းကော ဦးစားပေးပြီးတော့ ရှင်းမှာပေါ့။ ပြီးလို့ရှိရင် EAO တွေကတော့ ငြိမ်းချမ်းရေးကဏ္ဍကနေပြီးတော့၊ ဆိုလိုတာကတော့ ဆွေးနွေးနေတာကတော့ ကျွန်တော်တို့များနေပါပြီ သူတို့ရဲ့လိုလားချက်တွေလည်းမျိုးစုံပေါ့။ မျိုးစုံဖြစ်တဲ့အတွက် ဒါတွေကိုကျွန်တော် တို့ရှင်းရတာပေါ့။ လူကတော့ လူဆိုတာ လိုလားချက်ကတော့ အများကြီးရှိမှာပါပဲ။ ဒါပေမယ့် ဖြစ်ချင်တာတွေ လျှောက်ပြောနေမယ့်အစား ဖြစ်နိုင်တာတွေနဲ့ ဖြစ်သင့်တာတွေပဲ လုပ်တာက ပိုပြီးကောင်းတာပေါ့။ ဖြစ်ချင်တာတွေ အများကြီးရှိမယ်။ ဟိုဟာလိုချင်တယ်။ ဒီဟာလိုချင်တယ်။ သို့သော်လည်း မဖြစ်နိုင်တာ သွားပြီးတော့ လုပ်လို့ရှိရင်လည်း မရဘူး။ ကျွန်တော်တို့ဆီမှာ တိုင်းရင်းသား လူမျိုးပေါင်းများစွာရှိတယ်။ အဓိက တိုင်းရင်းသား ၈ မျိုးရှိတယ်။ တိုင်း ရင်းသားလူမျိုးပေါင်း ၁၃၀ ကျော်လောက်ရှိတယ်။ ခင်ဗျားတို့နိုင်ငံ(အိန္ဒိယ) ကပိုပြီးများပါတယ်။တစ်ယောက်နဲ့တစ်ယောက် သဘောထားမျိုးစုံ၊ အဲဒါကိုဘာနဲ့ရှင်းမလဲဆို ကျွန်တော်တို့ဒါကို ဥပဒေနဲ့ရှင်းမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒါကိုရအောင်ကျွန်တော်တို့လုပ်တာပေါ့။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာအများကနေလက်ခံနိုင်တဲ့ ဖြစ်နိုင်တာကိုပေါ့။ မဖြစ်နိုင်တာကိုသွားပြောလို့မရဘူး" ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ကြောင် ငြိမ်းချမ်းရေးသည် ပိုမိုအရေးကြီးကြောင်း၊ ငြိမ်းချမ်းရေးကို ဦးစားပေးသွားရမည်ဖြစ်ကြောင်း၊ ဆက်လက်၍ ဖွံ့ဖြိုးရေးကိုသွားရမည်ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးရေးကိုမလုပ်၍ မရကြောင်း၊ အစိုးရ ၏တာဝန်သည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမည့် တာဝန်ရှိကြောင်း၊ ပြည်သူအားလုံး အကျုံးဝင်သည့် ဖွံ့ဖြိုးရေးကိုလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ မိမိအတွက်အရေးကြီးဆုံးသည် ငြိမ်းချမ်းရေးသည်နံပါတစ်ဖြစ်ပြီး လုံခြုံရေးကိုဆက်လက်ဆောင်ရွက်ကာ တစ်ပြိုင်နက်တည်းတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများသွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။















