နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၆ဝဝ သန်းကျော် အသုံးပြုထားသည့် ပဲခူးပြည်သူ့ဆေးရုံကြီး (ခုတင်-၅၀၀) ခြောက်ထပ်ဆေးကုသဆောင်သစ် ဖွင့်လှစ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ဇူလိုင် ၁၃ ရက်က ပဲခူးပြည်သူ့ဆေးရုံကြီး ခြောက်ထပ်ဆေးကုသဆောင်သစ်ဖွင့်ပွဲကို အဆိုပါဆေးရုံကြီး၌ ကျင်းပသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများက အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြကာ ခြောက်ထပ်ဆေးကုသဆောင်အတွင်း ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
အဆိုပါအဆောက်အအုံကို မြေဧရိယာ ၂၅ ဒသမ ၀၃ ဧကပေါ်တွင် နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၆၄၉ ဒသမ ၇၂၇ သန်းအသုံးပြု၍ ဓာတ်လှေကား နှစ်စီးပါဝင် တည်ဆောက်ထားခြင်းဖြစ်ပြီး အဆိုပါဆေးကုသဆောင်တွင် အသုံးပြုရန်အတွက် ဓာတ်မှန်စက်အသစ်၊ ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းများ၊ လူနာခုတင်နှင့် အခြားဆေးရုံသုံးပစ္စည်းများကိုလည်း ထောက်ပံ့ပေးထားပြီး ပဲခူးပြည်သူ့ဆေးရုံကြီးတွင် အထူးကုဘာသာရပ် ၁၄ ခုဖြင့် နေ့စဉ်ပျမ်းမျှအတွင်းလူနာ ၃၅၀ ခန့်၊ ပျမ်းမျှပြင်ပလူနာ ၅၅၀ ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာ ယခုဖွင့်လှစ်သည့် ခြောက်ထပ်ဆေးကုသဆောင်တွင် ဖျားနာဆောင်၊ ကင်ဆာရောဂါကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ အရိုးရောဂါကုသဆောင်၊ အထောက်အကူပြုဌာနများ၊ ခေတ်မီခွဲစိတ်ခန်းများနှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှုပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့နယ် ဘုရားကြီးတိုက်နယ်ဆေးရုံသို့ သွားရောက်ကာ အရေးပေါ်လူနာဌာန၊ ဓာတ်ခွဲခန်း၊ အတွင်းလူနာဆောင်၊ ခွဲစိတ်ခန်းများကိုလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။















