ရန်ကုန်တိုင်းအတွင်း ညပိုင်း၌ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အထောက်အကူပြုနိုင်စေရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး (Solar) လမ်းမီးများ တပ်ဆင်မည်

ရန်ကုန်တိုင်းအတွင်း ညပိုင်း၌ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အထောက်အကူပြုနိုင်စေရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး (Solar) လမ်းမီးများ တပ်ဆင်မည်
Published 25 June 2026

ရန်ကုန်တိုင်းအတွင်း ညပိုင်း၌ အလင်းရောင်ကောင်းမွန်စွာရရှိစေရန်နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အထောက်အကူပြုနိုင်စေရန်အတွက် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် နေရောင်ခြည်စွမ်းအင်သုံး (Solar) လမ်းမီးများကို ဝယ်ယူအစားထိုးလဲလှယ်တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွန် ၂၃ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းမီးများအသစ်တပ်ဆင်ရန်နှင့် ပျက်စီးနေသည့်မီးသီးများကိုလဲလှယ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုအပေါ် တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

လာမယ့်နှစ်တွေမှာ လမ်းမီးလုံးတွေပြုပြင်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေနဲ့ လျာထားသွားမှာဖြစ်ပြီး နှစ်စဉ် ၅ ရာခိုင်နှုန်းခန့်ကို ဝယ်ယူအစားထိုးတပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်ဟု ဒေါက်တာမျိုးသော်က ပြောကြားသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး၌ လမ်းမီးများတပ်ဆင်ထွန်းလင်းနိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်လျက်ရှိရာ လမ်းမီးလုံးဝမရှိသေးသည့်လမ်းများနှင့် အဓိကလမ်းမကြီးများကို ပထမဦးစားပေးအဆင့်အနေဖြင့် တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ချွတ်ယွင်းနေသည့် မီးလုံးများလဲလှယ်ခြင်းနှင့် ပြုပြင်နိုင်သည့်မီးလုံးများကို ပြန်လည်ပြင်ဆင်ခြင်းတို့ကိုလည်း ဘဏ္ဍာနှစ်အလိုက် လုပ်ဆောင်နေကြောင်း ဝန်ကြီးက ဆက်လက်‌ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ထိုသို့လမ်းမီးများ ပြုပြင်လဲလှယ်တပ်ဆင်ပေးခြင်းဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်နဲ့ရပ်ကွက်တချို့မှာ လမ်းမီးတွေပျက်နေတာ၊ လမ်းမီးမရှိတဲ့နေရာတွေမှာ မီးတွေထွန်းညှိပေးနိုင်ရင် ဖြစ်ပေါ်လာနိုင်တဲ့ မှုခင်းတွေကျဆင်းလာနိုင်သလို တရားဥပဒေစိုးမိုးရေးလည်း အားကောင်းလာနိုင်မှာဖြစ်ပါတယ်ဟု ပြောကြားသည်။

လက်ရှိစစ်တမ်းများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၄ ခရိုင်၌ လမ်းမီးလုံးပေါင်း ၄၇၀၆၂ လုံး တပ်ဆင်ပေးထားပြီးဖြစ်ကြောင်း၊ လမ်းလယ်ကျွန်းများတစ်လျှောက်တွင်လည်း လမ်းမီးလုံး ၇၂၃၀ တပ်ဆင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်းကလည်း ပြုပြင်လဲလှယ်ရန်အတွက် လမ်းမီးလုံးအလုံးရေ ၇၀၀ ကိုဝယ်ယူခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အချက်အလက်များအရ သိရသည်။

Most Read

Most Recent