ယခုနှစ်တွင် စူပါအယ်နီညိုဖြစ်လာမည့် အလားအလာရှိနေပြီး မိုးခေါင်ရေရှားပြသာနာများ ကြုံတွေ့ရနိုင်ဟု ပညာရှင်အချို့ သတိပေး

ယခုနှစ်တွင် စူပါအယ်နီညိုဖြစ်လာမည့် အလားအလာရှိနေပြီး မိုးခေါင်ရေရှားပြသာနာများ ကြုံတွေ့ရနိုင်ဟု ပညာရှင်အချို့ သတိပေး
Published 22 May 2026

ယခုနှစ်တွင် ဖြစ်ပေါ်မည့် အယ်နီညိုမှာ စူပါအယ်နီညိုဖြစ်လာမည့် အလားအလာရှိ နေပြီး မိုးခေါင်ရေရှားပြသာနာများ ကြုံတွေ့ ရနိုင်ဟု ပညာရှင်အချို့သတိပေးထားသည်။

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ် သမု ဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ် ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များ မှာ အယ်လ်နီညို ဖြစ်ပေါ်နိုင်သော အခြေ အနေများကို တွေ့ရှိရကြောင်း၊ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သချင်္ာပုံစံပြုမော်ဒယ် များခန့်မှန်းချက်အရ လာမည့် ဇွန်လမှ စတင် ၍ အားအနည်းငယ်ရှိသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ် နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့် မှန်းရကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

အလားတူ မိုးလေဝသလေ့လာစောင့် ကြည့်သူတစ်ဦးဖြစ်သည့် ဦးဝင်းနိုင်ကလည်း “အမြင့်ဆုံးပြင်းအားမှာ အားကောင်း သော (Strong) သို့မဟုတ် အလွန်အားကောင်း သော(Very Strong) အဆင့်သို့ ရောက်ရှိ ရန် ၃ ပုံ ၂ ပုံ (၆၇ ရာခိုင်နှုန်းခန့်) အခွင့်အ လမ်း ရှိနေပါသည်။ ထို့ပြင် အဆင့်မြင့်ဆုံး ဖြစ်သည့် စူပါအယ်လ်နီညို အဆင့်အထိ ဖြစ် ပေါ်လာနိုင်ခြေမှာလည်း ယခင်က ၄ ပုံ ၁ ပုံ (၂၅ ရာခိုင်နှုန်း) ခန့်သာ ရှိခဲ့ရာမှ ယခုအခါ ၃ ပုံ ၁ ပုံ (၃၃ ရာခိုင်နှုန်း) ခန့်အထိ မြင့်တက် လာပြီ ဖြစ်သည်” ဟု လူမှုကွန်ရက်တွင် ရေး သားထားသည်။

ထို့ပြင် အာရှ-ပစိဖိတ် စီးပွားရေးပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ထုတ်ပြန်ချက် ကို ကိုးကားပြီး ဦးဝင်းနိုင်က ဇွန် - သြဂုတ် ၂၀၂၆ မိုးရွာသွန်းမှု ခန့်မှန်းချက်အရ - အ ရှေ့တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာ ထိစပ် ဒေသများတွင် မိုးခေါင်ရေရှားနိုင်သည့်လက္ခ ဏာများ အထူးထင်ရှားနေကြောင်း၊ မြန်မာ နိုင်ငံနှင့် အရှေ့တောင်အာရှ တွင် မိုးနည်းနိုင် ခြေ အလွန်မြင့်မားကြောင်း၊ မြန်မာနိုင်ငံ အောက်ပိုင်း (ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တန င်္သာရီ)၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက် နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ ပါဝင်သော နယ် ပယ်တစ်ခုလုံးတွင် မိုးရွာသွန်းမှု ပုံမှန်ထက် လျော့နည်းနိုင်ခြေ ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာ ခိုင်နှုန်းကျော်အထိ (Below Normal- အညိုရောင်ဇုန်) ပြသနေကြောင်း၊ အထူး သ ဖြင့် စပါးစိုက်ပျိုးသည့် ဇွန်၊ ဇူလိုင်၊ သြဂုတ် မိုး လယ်ကာလများတွင် မိုးရွာသွန်းမှု သိသိ သာသာ ပြတ်တောက် သို့မဟုတ် နည်းပါး သွားနိုင်ကြောင်း ဦးဝင်းနိုင်က ဆိုသည်။

အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမု ဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော် လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန် ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့် အစွန်း ရောက် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင် ကြောင်း၊ ယင်းကြောင့် မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါ ရန်လိုအပ်ပြီး အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ် သက်သည့် အခြေအနေများကို  အချိန်နှင့်တစ် ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့မည်ဖြစ် ကြောင်း မိုးဇလက ထုတ်ပြန်သည်။

အယ်နီညိုဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာ တွင် အပူချိန် ပုံမှန်ထက်မြင့်တက်လာခြင်း ကြောင့် ကမ္ဘာ့ရာသီဥတုကို ကမောက်ကမ            ဖြစ်စေသော သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် ပစိဖိတ်သမုဒ္ဒရာတွင် အရှေ့ ဘက်မှ အနောက်ဘက်သို့ တိုက်ခတ်သော လေပြင်းများကြောင့် သမုဒ္ဒရာမျက်နှာပြင်မှ ရေနွေးများသည် အာရှတိုက်ဘက်သို့ ရောက် ရှိပြီး အမေရိကတိုက်ဘက်တွင် ရေအေးများ အောက်ခြေမှ တက်လာကြောင်း၊ အဆိုပါ အရှေ့လေများ အားပျော့သွားသည့်အတွက် ရေနွေးများသည် အနောက်ဘက်သို့ မရွေ့လျား တော့ဘဲ အမေရိကတိုက်ဘက်သို့ ပြန်လည် စီးဆင်းသွားကြောင်း၊ ယင်းကြောင့် ပစိဖိတ် သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်းရေမျက် နှာပြင် အပူချိန်များ ပုံမှန်ထက် သိသိသာသာ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

အယ်နီညိုဖြစ်စဉ်သည် များသောအား ဖြင့် နှစ်နှစ်မှ ခုနစ်နှစ်လျှင် တစ်ကြိမ် ဖြစ်ပွား တတ်ပြီး ကိုးလမှ တစ်နှစ်ကျော်အထိ ကြာမြင့် တတ်ကြောင်း သိရသည်။

Most Read

Most Recent