ပခုက္ကူကြက်သွန်နီ​စျေးကွက် စျေးနှုန်းထပ်မံမြင့်တက်နေပြီး တစ်ပိဿ ၄၅၀၀ ကျပ်ထိ ရောက်ရှိလာ

ပခုက္ကူကြက်သွန်နီ​စျေးကွက် စျေးနှုန်းထပ်မံမြင့်တက်နေပြီး တစ်ပိဿ ၄၅၀၀ ကျပ်ထိ ရောက်ရှိလာ
Published 9 July 2026

ပခုက္ကူကြက်သွန်နီစျေးကွက်အတွင်း ယခုဇူလိုင်လ ဒုတိယပတ်တွင်  ဝယ်လက်များပြားသည့်အတွက် ​စျေးနှုန်းထပ်မံမြင့်တက်နေပြီး တစ်ပိဿ ကျပ် ၄၅၀၀  ထိရောက်ရှိလာကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းအထိ တစ်ပိဿ ၃၅၀၀ ကျပ် ၊ ဇူလိုင်လဆန်းပိုင်းတွင် ၄၀၀၀ ကျပ် ပေါက်​စျေးရှိပြီး ယခုဇူလိုင်လ ၉ ရက်နေ့တွင် ဝယ်လိုအား ပိုမိုများပြားလာပြီး စျေးနှုန်းထပ်မံမြင့်တက်ခြင်းဖြစ်ကြောင်း သိရသည်။

`  ကြက်သွန်အနေအထားက တောင်သူက အလာနည်း ဝယ်မဲ့သူက များတော့ ​​စျေးထပ်တက်နေတယ်။ ဝင်သမျှကို ရအောင် စျေးပေးဝယ်ရတယ်။ အရင်က ဒီစျေးတမ်း ဒီလိုအချိန်ဆို ၁ ရက် ပိဿချိန် သိန်းဂဏန်းဝင်တယ်။ အခု လမ်းအ​​ခြေအနေရယ် ပခုက္ကူကနေ စားသောက်ကုန် ဝယ်ပြီး ပြန်လို့မရတော့ တောင်သူက သိပ်မလာကြဘူး။ ၁ ရက်မှ ပိဿချိန် ၁သောင်းကျော် ၂ သောင်းပဲ ဝင်တယ် ´ ဟု ပခုက္ကူမြို့မှ ကြက်သွန်ရောင်းဝယ်သူတဝ်ဦးက ပြောသည်။

ပခုက္ကူကြက်သွန်စျေးကွက်အတွင်း ပိဿချိန် ၁ သောင်းကျော် ဝင်ရောက်သည့် ဇူလိုင်လ ၉ ရက်နေ့တွင် ဂျွန်သေးတစ်ပိဿ ၂၅၅၀ - ၃၂၀၀ ကျပ် ၊ ဂျွန်လတ်တစ်ပိဿ ၃၃၀၀ - ၃၈၀၀ ကျပ် နှင့် ဂျွန်ကြီးတစ်ပိဿ ၃၉၀၀ - ၄၅၀၀ ကျပ်ပေါက်စျေးရှိကြောင်း သိရသည်။

ကြက်သွန်စျေးနှုန်းမြင့်တက်နေသော်လည်း အထွက်လျော့နည်းခြင်း ၊ စိုက်စရိတ်မြင့်မားခြင်း နှင့် သယ်ယူစရိတ်ကြီးမြင့်​ခြင်းတို့ကြောင့် တောင်သူများ အကျိုးအမြတ်နည်းပါးကြောင်း သိရသည်။

Most Read

Most Recent