■ မွန်ပြည်နယ်လွှတ်တော်တွင် “မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြုထားရသကဲ့သို့ ရက်ရှည်လများဆောင်ရွက်နေကြသည့် လောင်းကစားဝိုင်းများအား တားဆီးပိတ်ပင်ပေးရေးအဆို” အားတင်သွင်းထားပြီးလာမည့်လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်များမှ ဆွေးနွေးသွားမည်

■ မွန်ပြည်နယ်လွှတ်တော်တွင် “မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြုထားရသကဲ့သို့ ရက်ရှည်လများဆောင်ရွက်နေကြသည့် လောင်းကစားဝိုင်းများအား တားဆီးပိတ်ပင်ပေးရေးအဆို” အားတင်သွင်းထားပြီးလာမည့်လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်များမှ ဆွေးနွေးသွားမည်
Published 18 June 2026

မွန်ပြည်နယ်လွှတ်တော်တွင် “မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြုထားရသကဲ့သို့ ရက်ရှည်လများဆောင်ရွက်နေကြသည့် လောင်းကစားဝိုင်းများအား တားဆီးပိတ်ပင်ပေးရေးအဆို” အားတင်သွင်းထားပြီး လာမည့်လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်များမှ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအဆိုအား ပြီးခဲ့သည့် ဇွန်က (၁၆) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့) တွင် ကျိုက်မရောမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော် က တင်သွင်းခဲ့ခြင်းဖြသည်။

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရပ်ကွက်နှင့် ကျေးရွာများတွင် တရာမဝင်လောင်းကစားဝိုင်းများအား ဆောင်ရွက်လျှက်ရှိနေကြကြောင်း၊ ထိုသို့ဆောင်ရွက်နေခြင်းမှာလည်း ခိုးချောင်ခိုးဝှက်ဆောင်ရွက်နေခြင်းမဟုတ်ဘဲ တရားဝင်ခွင့်ပြုချက်ရသကဲ့သို့ ရပ်ကွက်နှင့် ကျေးရွာများ၏ လမ်းများပေါ်၌ ကျင်းပနေခြင်းဖြစ်သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း အဆိုရှင် ဦးသန့်ဇော် ကလွှတ်တော်အစည်းအဝေး၌ ပြောကြားချက်များအရ သိရသည်။

၎င်းကဆက်လက်ပြီး “အခြားနေရာများကိုမဆိုထားနဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ မော်လမြိုင်မြို့ရှိ ရပ်ကွက်များပေါ်တွင် အကြောင်းအမျိုးမျိုးပြ၊ ပွဲလမ်းသဘင်များဖန်တီးပြီး၊ အဲ့ဒီပွဲလမ်းသဘင်များမှာလောင်းကစားဝိုင်းများကို တာဝန်ခံများဖြင့်ထည့်သွင်းကျင်းပ၍ လူတစ်စုတို့က လောင်းကစားဝိုင်းခုံများထံမှ အခကြေးငွေများကောက်ယူပြီး လုပ်ဆောင်နေကြတယ်ဆိုတာ သိရှိရပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လောင်းကစားမှုတိုက်ဖျက်ရေးဥပဒေအား အတည်ပြုပြဌာန်းထားပြီးဖြစ်ပါကြောင်း၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေနှင့် အထူးနှင့် အထွေထွေ ဥပဒေတွေမှာ လောင်းကစားနှင့်ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ၊ တိတိကျကျဖေါ်ပြထားပါကြောင်း၊ ဖမ်းဆီးအရေးယူခြင်း၊ တရားစွဲဆို ခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းစသည်တို့ကို ဥပဒေနှင့်အညီတိတိကျကျပြဌာန်းပေးထားပြီးဖြစ်ပါကြောင်း၊ အများနှင့်သက်ဆိုင်သောနေရာများတွင် လောင်းကစားလုပ်လျှင် ဖမ်းဆီးမှုဆောင်ရွက်ရမည့်နည်းလမ်းတွေကိုလည်း ပြဌာန်းထားပါကြောင်း၊ မည်သည့်အဖွဲ့အစည်းတွေက ဖမ်းဆီးနိုင်သည်ဟုသတ်မှတ်ထားသည့်အပြင်၊ အများနှင့်သက်ဆိုင်သောနေရာတွေမှာ လောင်းကစားမှုပြုလုပ်လျှင် ဝရမ်းမပါဘဲဖမ်းဆီးနိုင်ခြင်း၊ ပြည်သူတွေကပင်သတင်းပေးတိုင်ကြားသည့်နည်းလမ်းဖြင့် လောင်းကစားမှုပပျောက်ရေးအတွက်  ဥပဒေတွေကို ပြဌာန်းပေးထားပါကြောင်းလည်း ဦးသန့်ဇော်က ဆိုသည်။

“သို့သော်လည်း ဥပဒေကပြဌာန်းထားပါလျှက် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးရှိ၊ ရပ်ကွက်နှင့် ကျေးရွာများရှိ လမ်းများပေါ်တွင် လောင်းကစားဝိုင်းများအား ပွဲတော်များသဖွယ်ကျင်းပနေနိုင်ခြင်းသည် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို စိန်ခေါ်နေသကဲ့သို့ ပြည်သူ့ဘဝလုံခြုံရေးများကိုများစွာခြိမ်းခြောက်နေသည့် ကြောက်မက်ဖွယ်လုပ်ရပ်များဖြစ်နေပါတယ်။

 

မွန်ပြည်နယ်မှာဖြစ်ပေါ်နေသည့် လောင်းကစားဝိုင်းများကိစ္စမှာ တစ်နိုင်ငံလုံးကကြားသိနေကြပြီး တခြားသောမြို့များမှ အသိမိတ်ဆွေများလှမ်းမေးကြသည်အထိကျော်ကြားနေပါတယ်။ အဲ့ဒီအပြင် လူမှုကွန်ရက်တွေမှာလည်း အလေးထားပြီး ရေးသားဖေါ်ပြနေကြပါတယ်။ ယခင်မွန်ပြည်နယ်အစိုးရအဖွဲ့လက်ထက်ကစလို့ လက်ရှိ မွန်ပြည်နယ်အစိုးရသစ်လက်ထက်တွင်လည်း လောင်းကစားဝိုင်းများ ပပျောက်သွားခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်နေကြခြင်းသည်လည်း စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်နေပါတယ်”ဟု ဦးသန့်ဇော် က ပြောကြားသည်။

မွန်ပြည်နယ်တွင်ဖြစ်ပေါ်နေသည့်လောင်းကစားဝိုင်းများသည် သမာန်အနေအထားမျိုးမဟုတ်ဘဲ အချို့သောနိုင်ငံများမှာကဲ့သို့ တရားမဝင်လောင်းကစားဂိုဏ်းများ မာဖီးယားဂိုဏ်းများဆန်ဆန်ပြုလုပ်နေကြသည်ကို တာဝန်ရှိ အစိုးရအဖွဲ့အား သိရှိနိုင်ရန်တင်ပြလိုပါကြောင်း ၎င်းတို့၏တရားမဝင်လောင်းကစားလုပ်ငန်းများကို တိုင်ကြားသူများကိုလည်း ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်း၊ ရန်ရှာအန္တရာယ်ပြုခြင်းများ၊ကို လူမိုက်မွေးပြီးလုပ်ဆောင်နေတာမျိုးတွေလည်းရှိနေပါကြောင်း၊ ထို့ကြောင့် လောင်းကစားဂိုဏ်းများမှတဆင့် လက်နက်ကို်ငပြီး မာဖီးယာဂိုဏ်းများမဆန်လာစေဖို့ တားမြစ်ရန်တာဝန်မှာ လွှတ်တော်နှင့်သက်ဆိုင်ရာအစိုးရအဖွဲ့တွင် အဓိကတာဝန်ရှိပါကြောင်းနှင့် မည်သည့်အကြောင်းပြချက်နှင့်မှ လောင်းကစားပြုနေမှုအား ဆက်လက်ရပ်တည်ခွင့်မပြုသင့်တော့ပါ။ ဥပဒေကပြဌာန်းထားပါလျှက်၊ ဥပဒေက တားဆီးထားပါလျှက်နဲ့ တားဆီးခြင်း၊ ဖမ်းဆီးခြင်းမဆောင်ရွက်ပါက ဥပဒေအားချိုးဖောက်ခြင်းပင်ဖြစ်ပါကြောင်း ဦးသန့်ဇော် ဆိုသည်။

“သို့ဖြစ်ပါ၍ ပြည်နယ်အကျိုးအား ရှေးရှု၍ မွန်ပြည်နယ်တွင်အမည်အမျိုးမျိုး၊ အကြောင်းအမျိုးမျိုးပြ၍ ခေါင်းစဉ်တပ်ကာပြုလုပ်နေသည့် မြို့နယ်အသီးသီးရှိ ရပ်ကွက်ကျေးရွာများတွင်ပြုလုပ်နေကြသည့် တရားမဝင်လောင်းကစားဝိုင်းများကို အပြီးတိုင်ချုပ်ငြိမ်းစေရေးအတွက်တာဝန်ရှိသူများမှ အရေးယူဆောင်ရွက်ပေးပါရန်နှင့် မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြုချက်ရသကဲ့သို့ ရက်ရှည်လများဆောင်ရွက်နေသည့်လောင်းကစားဝိုင်းများအားတားဆီးပိတ်ပင်ပေးရန် မွန်ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်းအဆိုကိုလေးနက်စွာ တင်သွင်းအပ်ပါတယ်” ဟု ဦးသန့်ဇော် ကဆက်လက်ပြောကြားသည်။

ထိုအဆိုနှင့် ပတ်သက်ပြီး ဘီးလင်းမြို့နယ်  ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရင်က အဆိုအား ပြည်နယ်လွှတ်တော်က လက်ခံဆွေးနွေးသင့်ကြောင်းကို ထောက်ခံဆွေးနွေးခဲ့သည့်အတွက် လာမည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ယင်းအဆိုနှင့် ပတ်သက်ပြီး မွန်ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ်များက ဆွေးနွေးသွားကြမည်ဖြစ်သည်။

တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပဥ္စမနေ့) အား ဇွန်လ (၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent