“၀” အဖွဲ့နှင့် မိုင်းလားအဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခဲ့သည့် ကျားဖျန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၀ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း “ဝ” ပြည်နယ်တရားစီရင်ရေးဌာန (WSP) က သတင်းထုတ်ပြန်သည်။
“၀” အဖွဲ့နှင့် မိုင်းလားအဖွဲ့တို့ ပူးပေါင်းပြီး ကျားဖျန့်ဂိုဏ်းကြီးတစ်ခုကို ဖြိုခွင်နိုင်ခဲ့ကြောင်း “ဝ” ပြည်နယ်တရားစီရင်ရေးဌာန (WSP) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်တွင် ကျားဖျန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၀ ဦးနှင့်အတူ ကွန်ပျူတာ ၆၁၁ လုံး၊ လက်ကိုင်ဖုန်း ၅၃၅ လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာ တရုတ်အစိုးရထံ မိုင်းလားနယ်စပ် တာ့လော့ဂိတ်မှတစ်ဆင့် အောင်မြင်စွာလွှဲပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။
မေ ၂ ရက်က "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဗဟိုဌာနချုပ်၏ ညွှန်ကြားချက်နှင့် "ဝ" ပြည်နယ် အထူးဒေသ (၂) မှ စေလွှတ်လိုက်သော လုပ်ငန်းအဖွဲ့သည် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလား အထူးဒေသ (၄) ကို ရောက်ရှိခဲ့ပြီး နှစ်ဖက်အဖွဲ့မှ ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ကို အလျင်အမြန် ဖွဲ့စည်းကာ အွန်လိုင်းလိမ်လည်မှု သံသယရှိသည့် နေရာများကို ကျယ်ကျယ်ပြန့်ပြန့်ဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ပူးပေါင်းစစ်ဆင်ရေးအတွင်း ကျားဖျန့်လုပ်ငန်းကို လုပ်ကိုင်နေသည့် အခန်း ၁၉ ခန်း၊ ကွန်ပျူတာ၊ လက်ကိုင်ဖုန်းများနှင့် Alpha ကားအမျိုးအစားတစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း WSP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
WSP ၏ ထုတ်ပြန်ချက်များအရ မေ ၃ ရက်အထိ ကျားဖျန့်လုပ်ကိုင်သူ စုစုပေါင်း ၇၈ ဦးကို ဖမ်းဆီးမိခဲ့ပြီး ၎င်းတို့အနက် တရုတ်နိုင်ငံသား ၁၀ ဦး ပါဝင်ကြောင်း သိရသည်။
ကျားဖျန့်ငွေလိမ်လုပ်ငန်းတွင် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ငွေညှစ်မှုများ၊ အကြွေးကောက်ခံမှုများနှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်လည်မှုများကို အဓိကထားပြီး လုပ်ကိုင်ကြကြောင်း WSP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။















