Written by - နေမျိုး
ခေတ်ဟောင်းက သီချင်းတစ်ပုဒ်
ခေတ်ဟောင်းက အလွန်ကျော်ကြားခဲ့သော သီချင်းတစ်ပုဒ်ရှိ၏။ ထိုသီချင်းမှာ မှုန်ရွှေရည် သီချင်းဖြစ်ပါသည်။ ထိုသီချင်းကျော် ကြားခဲ့ပုံမှာ မသိသူမရှိသလောက်ဖြစ်ခဲ့ပြီး အောင်မြင်ကျော်ကြား ထင်ရှားလွန်းသဖြင့် နေ့စဉ် တိုင်း နေရာတိုင်း ပွဲလမ်းသဘင်တိုင်းတွင် အမြဲကြားနေရရာ ဖန်တရာတေကာ ရိုးအီသွားပြီးနောက် သာမန်သီချင်းတစ်ပုဒ် အဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲ ရောက်ရှိသွားပါသည်။ ကျွန်တော်သည် ယနေ့နံနက် တွင် မှုန်ရွှေရည်သီချင်းကို ပြန်လည်သတိရမိ၏။ “မှုန်ရွှေရည်...ခိုင်မာလာနှင်းဆီ...ကြိုင်ကာသာသင်းကြည်... မြိုင်ဟေမာအတွင်း ထုံဝေစည်...သင်းရနံ့က မွှေးပေသည်...ဆင်းရနံ့က စွေးလွင်သည်...ဝင်းဖန့်ဖန့် ပန်းဝတ် မှုန်ရွှေရည်...” ဟူသည့် သီချင်းစာသားများ ဖြစ်ပါသည်။ ကျွန်တော်သည် ထိုသီချင်းစာသားများထဲမှ ကြိုက်နှစ်သက်သော နေရာကလေးများရှိ၏။ ဖူးပွင့်ငုံဝေ ရွှေရွှေနှင်းဆီ ကိုကို ချူခဲ့မည်ဟူသော နေရာမျိုးက ကျွန်တော် ကြိုက်နှစ်သောနေရာပင်။ နှင်းဆီပန်းပွင့်ကလေးကို မင်းဖို့ ကိုကိုက ခူးယူပေးလာမှာ ဟူသော အဓိပ္ပာယ်ဖြစ်၏။
မိန်းကလေးက နှင်းဆီပန်းကြိုက်ဟန် တူပါသည်။ သူမသည် ထို့အတွက် မည်မျှကျေနပ် ပျော်ရွှင်သွားမည်မှာ ခန့်မှန်းကြည့်နိုင်ပါသည်။ ခေတ်ဟောင်းက သီချင်းများထဲတွင် ပန်းအကြောင်းကို သီကုံးရေးစပ်သော သီချင်း များစွာရှိ၏။ သပြေ၊ ပိတောက်၊ စံပယ်စသည်တို့မှာ သီချင်းအဖြစ်သို့ ရောက်ရှိလာသော ပန်းများဖြစ်၏။ ပိတောက်မှတစ်ဆင့် တစ်ယောက်ဘဝအချစ်ကိုပြောရရင် မောင်ရှက်လှပါပြီကွယ်ဟူသော သီချင်းက နိုင်ငံကျော်အဆိုတော် တွံတေးသိန်းတန်၏ လက်ရာဖြစ်၏။ ယခုကျွန်တော်ပြောနေသော မှုန်ရွှေရည် သီချင်းကားတစ်ချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သော အဆိုတော်ရုပ်ရှင်မင်းသားကြီးက သီဆိုခဲ့ခြင်းဖြစ်၏။ ရုပ်ရှင်မင်းသားများသည် ဇာတ်လမ်းဇာတ်ကွက်အရ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးထားကာ သရုပ်ဆောင်ကြလေ့ရှိသော်လည်း ယခု ကျွန်တော်ပြောပြနေသည့် ရုပ်ရှင်မင်းသားကြီးက မည်သည့် ရုပ်ရှင်ဇာတ်လမ်းမဆို နှုတ်ခမ်းမွေးနှင့် သရုပ်ဆောင်ခြင်းဖြစ်၏။ သူ၏ဟန်ပန်သွင်ပြင်မူရာကို အငြိမ့်ဇာတ်လူရွှင်တော်များက သရုပ်ဆောင်၍ ပြက်လုံးထုတ်လျှင်ပင် ပတ်တုပ်၍ မရအောင် ရယ်မောကြသည်ကို ကြုံဖူး၏။ မှုန်ရွှေရည်သီချင်းသည် ရုပ်ရှင်ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကား အမည်မှာလည်း မှုန်ရွှေရည်ပင်ဖြစ်ကာ ထိုရုပ်ရှင်သည် အကယ်ဒမီဆုများ ဆွတ်ခူးခဲ့သည့် ရုပ်ရှင်ဇာတ်ကား လည်း ဖြစ်ခဲ့သည်။
သို့ရာတွင် အထက်၌ ကျွန်တော်ဆိုခဲ့သလိုပင် မှုန်ရွှေရည်သီချင်း ပျံ့နှံ့အောင်မြင်မှုက မြို့ရောတောပါ တစ်နိုင်ငံလုံးသို့ရောက်ရှိခဲ့ရာမှ ဖန်တရာတေကာ ရိုးအီသွားပြီး သာမန်သီချင်းတစ်ပုဒ်အဖြစ်သို့ ဆိုက်ရောက်ခဲ့ရပါတော့သည်။ ၎င်းသည် လွန်ခဲ့သောနှစ် ၅၀ ကျော်ကဖြစ်၏။
ရိုးအီ၍ ဟောင်းနွမ်းသွားသော မှုန်ရွှေရည်သီချင်းကို တစ်ဖန်ပြန်လည်အမှတ်ရစရာ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါသည်။ ၎င်းမှာ ၁၉၈၀ ပြည့်လွန်နှစ်များနှင့် ၁၉၉၀ ပြည့်နှစ်များသို ့ရောက်လုနီးတွင်ဖြစ်ပွားခဲ့သည်ဟု ဆိုနိုင်သည်။ အခြားမဟုတ်ပါ။ မြန်မာ့ရုပ်မြင်သံကြားမှ မထင်မရှား အဆိုတော်တစ်ယောက်၏ တေးသီချင်း တစ်ပုဒ်ကို ရိုက်ကူးထုတ်လွှင့်ခဲ့ခြင်းပင်ဖြစ်သည်။ ထိုအဆိုတော်မှာ အောင်မင်းဖြစ်ပြီး သူ၏လီယို တေးဂီတ အဖွဲ့နှင့် တီးခတ်သီဆိုခဲ့ခြင်းပင်။ ကျွန်တော်သည် ထိုသီချင်းကို မြန်မာ့ရုပ်မြင်သံကြားအား အခပေး၍ပြသသည့် အိမ်တွင်းစီးပွားရေး ပုံစံတစ်ခုတွင် သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်၏။ ကျွန်တော်နှင့်အတူ ကိုတိုးကြီးပါရှိပြီး နှစ် ယောက်သား တစ်ယောက်လျှင် ကြည့်ရှုခ ပြားငါးဆယ်စီပေး၍ ကြည့်ရှုခဲ့ခြင်းဖြစ်ပါ၏။ အဆိုတော်အောင်မင်း သီဆိုသည့်သီချင်းကို ကျွန်တော်ကြိုက်နှစ်သက်သွားပါသည်။ သူသည် လှိုက်လှဲသော သီဆိုမှုရှိပြီး သီချင်း အမည်က မှုန်ရွှေရည်ဇာတ်လမ်းဖြစ်၏။
“...မှုန်ရွှေရည်သီချင်းကလေးလိုပဲ မင်းသဏ္ဌာန်တူလွန်းပါတယ်…”ဟူသော သီချင်းစာသားပါရှိပြီး ကျွန်တော်က ထိုနေရာကို စတင်ကြိုက်နှစ်သက်သွားသည်။ အလွန်လူကြိုက်များသည်ကို သူက ပုံခိုင်းနှိုင်းဆိုဟန် ရှိသည်။ အောင်မင်းသည် မထင်မရှားအဆိုတော်တစ်ယောက်မျှသာ ဖြစ်သော်လည်း သူ၏တေးကိုသီရာ ဝယ်လူကြိုက် လောက်အောင် ဖန်တီးနိုင်သူဖြစ်နေ၏။ အချစ်ရေ...အချစ်ရေ...သတင်းတွေ ကိုယ်ကြားပါတယ် ဟူသောနေရာ အရောက်တွင် ကျွန်တော်သည် သူ၏ပရိသတ်တစ်ယောက် ဖြစ်သွားပေပြီ။ လီယိုတေးဂီတအဖွဲ့နှင့် အဆိုတော် အောင်မင်းတို့ သီဆိုပုံမှာ ထိုခေတ်က မီဒီယာတို့၏ အခြေအနေကို သတိပြုမိနိုင်၏။ အောင်မင်းသည် ဆံပင် ရှည်နှင့်ဖြစ်၏။ သို့ရာတွင် သူသည် တိုက်ပုံအကျႌ၊ မြန်မာပုဆိုးကိုဝတ်၍ တေးသီချင်းကို သီဆိုရခြင်း ဖြစ်၏။ သူသည် တေးကိုကောင်းစွာ သီခဲ့သူဖြစ်၏။ ကျွန်တော်သည် ခေတ်ဟောင်းက သီချင်းတစ်ပုဒ်ဖြစ်သော ရုပ်ရှင်မင်းသားကြီး ဝင်းဦး သီဆိုခဲ့သည့် မှုန်ရွှေရည်သီချင်းကို တစ်ဖန်ပြန်လည် အမှတ်ရနေမိသည်။ “မှုန်ရွှေရည်ပန်းအလှကို ... နမ်း မဝတော့သည်... မြင်မြင်သူအသည်းနင့် အောင်စွဲချစ်ကြသည်... ညီတူမခွဲပဲ ဝသုန် မြေမဟီ ... ပြည်သူ့အသည်းစွဲမှုန်ရွှေရည်...ပွင့်လွှာတွေ တကယ်မညှိုးနွမ်းအောင်ထိန်းသိမ်းခဲ့တာ မောင့်ရဲ့မှုန်ရွှေရည်…”ဟူသော ခေတ်ဟောင်းက သီချင်းစာသားမှာ မည်သို့အဓိပ္ပာယ်ထွကိနေသည်ကို ကျွန်တော် တိတ်ဆိတ်စွာ ကြံဆကြည့်နေခဲ့သည်။
ခေတ်ဟောင်းက စာသားများ
ကျွန်တော်သည် ခေတ်ဟောင်းက စာသားများကို ရံဖန်ရံခါအမှတ်ရနေမိသည့် နေ့ရက်တို့ရှိပါသည်။ ခေတ်ဟောင်းက စာသားများဟူရာတွင် ကြီးကျယ်ခမ်းနားသော စာသားများ မဟုတ်ပါ။ စာသားများသည် ကြီး ကျယ်ခမ်းနားခြင်း မရှိကြသော်လည်း ကျွန်တော်ကို ရံဖန်ရံခါ သတိရစေသည်မှာ ထူးဆန်းသလိုလို လွမ်းရသလိုလိုရှိပါ၏။ ယခု ကျွန်တော်ပြောပြနေသော ခေတ်ဟောင်းသည် ကျွန်တော်လူငယ်ဘဝ ၁၉၇၅ ခုနှစ်ခန့်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ကျွန်တော်သည် ဆယ်ကျော်သက်အရွယ်မျှသာ ရှိပါသေးသည်။ ကျွန်တော် လူငယ်ဘဝနှစ်များက ပုံနှိပ်တိုက်များသည် မိမိတို့နေအိမ်များတွင်လည်းကောင်း၊ ဆိုင်များတွင်လည်းကောင်း ချိတ်ဆွဲထားရန် သို့မဟုတ် ကပ်ထားရန်အတွက် သင့်လျော်သော စာသားများကိုရိုက်နှိပ်၍ ရောင်းချကြသည်ကို တွေ့ဖူးပါသည်။ ထိုစာသားများအနက် ကျွန်တော်မှတ်မိနေသည်မှာ ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ စသည့်စာသားမျိုး၊ အရဟံ စသည့်စာသားမျိုး ပါဝင်သလို ထမင်းကျွေးနှင့် ညအိပ်ဧည့်သည် လက်မခံဟူသော စာသားမျိုးတို့ ပါဝင်ပါသည်။ ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံနှင့် အရဟံဟူသော စာသားမျာကို ပုံနှိပ်ရောင်းချကြသော်လည်း ယခုပြောသည့် ထမင်းကျွေးနှင့် ညအိပ်ဧည့်သည် လက်မခံဟူသော စာသားကိုမူ ပုံနှိပ်ရောင်းချကြခြင်း မရှိပါ။ သို့ရာတွင် နေအိမ်တစ်အိမ်တွင် အိမ်ရှင်က ထိုစာသားကို သူ၏လက်ရေးဖြင့် ထင်းနေအောင်ရေးကာ အိမ်ထရံ၌ ကပ်ထားသည်ကို တွေ့ဖူး ကြောင်း ကျွန်တော်၏ဖခင်က ပြောပြဖူးပါသည်။
ထိုအိမ်ရှင်သည် မည်သို့သော လူမှုပေါင်းသင်းတက်ဆံရေးကို ကျင့်သုံးကြောင်း မဝေဖန်လိုပါ။ ဤနေရာတွင် ခွကျသော လူတစ်ယောက်အကြောင်းကို ပြောလိုပါသည်။ သူသည် သူ့ထံသို့ စက်ဘီးလာငှားလျှင် သူ၏ စက်ဘီးကိုမငှားဘဲ ရော့ဆိုက်ကားစီးသွားဟုဆိုကာ ဆိုက်ကားခ ထုတ်ပေးတတ်သူဖြစ်ပါသည်။ ကျွန်တော် သူ့အိမ်ကို ဆယ်ကျော်သက်အရွယ်က ရောက်ဖူး၏။ သူ့အိမ်ရှိစာအုပ်များ၊ ပစ္စည်းများထက်တွင် ကိုယ်နှင့်မဆိုင် ခွင့်မပိုင် ဆွဲကိုင်ကြည့်ရှု သတိပြုဟူသောစာသားကို ကပ်ထားပါသည်။ ကျွန်တော်သည် စီထပ်ထားသော စာအုပ်များကိုသည်အတိုင်း ကြည့်ကာနေခဲ့ရ၏။ သူ၏သားသမီးနှစ်ယောက်ဖြစ်သော မျိုးမြင့်နှင့် ခင်တင့်မှာ ကျွန်တော်နှင့်ရွယ်တူဖြစ်ပါသည်။ နောက်ထပ်မှတ်မိနေသည်မှာ မီးရထားစက်ခေါင်းမောင်းသူ ဦးစိန်တို့အိမ်တွင် ကျွန်တော်တို့ မိသားစု ငှားရမ်းနေထိုင်ကြစဉ်က အိမ်ခါးပန်းတွင် မြေဖြူနှင့်ရေးသားထားသော စာသားဖြစ်၏။ ရေးထားပုံက တွန်းတဲ့သူက မေ့သွားပေမဲ့ လဲတဲ့သူက မမေ့နိုင်ပါဟူသော စာသားဖြစ်၏။ ကျွန်တော်သည် ထိုစာသားကို သဘောကျသွားပါသည်။ ထိုစဉ်က နေအိမ်များတွင် စာသားကပ်သည့်အလေ့၊ မြေဖြူဖြင့် ရေးထိုးထားသည့် အလေ့က ရှိနေပါသည်။ ယခုပြောခဲ့သော စာသားက စာပေလက်ရာတစ်ခုထဲမှ စာသားဖြစ် ဖွယ်ရှိ၏။
အနည်းဆုံး နေအိမ်တစ်အိမ်တွင် ကြွက်ရောင်းရန်ရှိသည်ဟူသော စာသားကိုဖြစ်စေ ရေးထားလေ့ရှိကြ၏။ ကြွက်ရောင်းရန်ရှိသည် ဟူသောစာသားနှင့်အတူ အချို့က တစ်ကောင် ၁၀ ပြားဟု စျေးနှုန်းပင် ဖော်ပြ ထားကြ၏။ အချို့အိမ်များက အိမ်အဝင်ခါးပန်းထက်၌ မင်္ဂလာရှိစေဟူသော စာသားကိုမြေဖြူဖြင့် ရေးထားတတ်၏။ ၎င်းမှာ ကျေနပ်ဖွယ်ဟု ထင်သည်။ ပုံနှိပ်တိုက်မှ ရိုက်နှိပ်ရောင်းချသော စာသားများအနက် လူသုံးများသော စာသားတစ်ခုက သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါဟူသော စာသားဖြစ်၏။ ခေတ်ဟောင်းက စာသားများသည် ခေတ်ဟောင်းက လူနေမှုပုံစံကို ပြောပြနေကြသည်။ ခေတ်ဟောင်းသည် တန်းစီရသော ခေတ်ဟောင်းဖြစ်၏။ ခေတ်ဟောင်းသည် လျှောက်လွှာတင်ရသော ခေတ်ဟောင်းဖြစ်၏။ ခေတ်ဟောင်းသည် အေပီစီ၊ ကိုဒါနင်၊ ဆာလ်ဖာ စသည့်ဆေးဝါးများဖြင့် ကျန်းမာစေသော ခေတ်ဟောင်းဖြစ်၏။ ခေတ်ဟောင်းသည် ကတ္တရာလမ်းမပေါ်မှာ မြင်းလှည်းက ခွာသံတခွပ်ခွပ်ဖြင့် သွားနေသော ခေတ်ဟောင်းဖြစ်၏။ ခေတ်ဟောင်း သည် ရုပ်ရှင်ရုံမှာ ဒေးဗစ်ချန်း ရုပ်ရှင်ဇာတ်ကား ရုံတင်လျှင် တစ်ကျပ်တန်း၌ ကြိတ်ကြိတ်တိုး၍ ရဲအစောင့်ချ ထားပေးရသော ခေတ်ဟောင်းဖြစ်၏။ ကျွန်တော်သည် ခေတ်ဟောင်း၏ ရှည်လျားသောနေ့တာများထဲ၌ ဘတ်စ် ကားကို တစ်ဝက်ခသာပေး၍ ကြိမ်ဖန်များစွာ စီးခဲ့ရ၏။
ကျွန်တော်သည် ခေတ်ဟောင်းက စာသားတစ်ခုဖြစ်သော သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါဟူသော စာသားကို ပြန်လည်စဉ်းစားနေခဲ့၏။ ၎င်းသည် ခေတ်တစ်ခု၏ စိတ္တဗေဒသဖွယ် ထင်မှတ်ချင်စရာကောင်းသည်။ ဤ နေရာတွင် ကျွန်တော်သည် ဖခင်ဖြစ်သူကို သတိရမိ၏။ သူကအိမ်မှာ မည်သည့်စာသားမျှရေးခြင်း၊ ချိတ်ဆွဲခြင်း၊ ကပ်ထားခြင်း မပြုခဲ့ပါ။ သူသည် အိုမင်း၍ အဘိုးအိုဘဝရောက်သောအခါတွင်မူ အိမ်ရှေ့ဗာဒံပင်ထက်တွင် သစ်သားပြားထက်၌ စာသားတစ်ခုရေး၍ ချိတ်ဆွဲခဲ့၏။ ထိုစာသားက ငှက်မပစ်ရဟူသော စာသားဖြစ်၏။
မနက်အစောကြီးပင်ရှိပါသေးသည်။ ဗာဒံပင်ပေါ်မှာ စာကလေးတွေက ကျလိကျလိမြည်ကာ နိုးထနေကြပြီကို အမြဲကြားရသည်။ ငှက်လေးတွေက အဖေ့စာကို ဖတ်တတ်မည်ဟု ကျွန်တော်မထင်ပါ။ သူတို့သည်စိတ်ချလုံခြုံ စွာပင် ဗာဒံပင်ထက်မှာ တစာစာအသံကိုပြုကာ နိုးထလာကြမြဲ ဖြစ်ပါသည်။











