■ ပေါင်မြို့အတွင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၇၀) ကျော်နှင့် ဘုန်းကြီးကျောင်း စာသင်ကျောင်း၊ ဌာနဆိုင်ရာအဆောက်အဦးများ ထိခိုက်ပျက်ဆီးမှုများရှိခဲ့

■ ပေါင်မြို့အတွင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၇၀) ကျော်နှင့် ဘုန်းကြီးကျောင်း စာသင်ကျောင်း၊ ဌာနဆိုင်ရာအဆောက်အဦးများ ထိခိုက်ပျက်ဆီးမှုများရှိခဲ့
Published 6 July 2026

ယမန်နေ့ ဇူလိုင်လ (၅) ရက်နေ့ ည (၇) နာရီ (၃၀) မိနစ် ဝန်းကျင်အချိန်ခန့်က မွန်ပြည်နယ် ပေါင်မြို့၊ ကဒါရပ်ကွက်အတွင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ် (၇၀) ကျော်ထိခိုက်ပျက်ဆီးခဲ့သည့်အပြင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဌာနဆိုင်ရာအဆောက်အဦးများထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ပေါင်မြို့၊ ကဒါရပ်ကွက်အောက်ပိုင်း၊ ကွင်းပိုင်းမှ လေဆင်နှာမောင်းစတင်တိုက်ခတ်လာကာ ကဒါမြို့သစ် (၄) လမ်းမှ (၁၃) လမ်းအထိတိုက်ခတ်သွားခြင်းဖြစ်ကြောင်း နှင့် ထိုမှ ကဒုံစီးရပ်ကွက် ဒေးပိန် (၂) အပိုင်းအထိ တိုက်ခတ်သွားခဲ့ကြောင်း ကဒါရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

၎င်းကဆက်လက်ပြီး “ကဒါမြို့သစ်အပိုင်းမှာဘဲ အိမ်ခြေ (၇၀) ကျော် အမိုးလန်ပျက်ဆီးတာတွေရှိခဲ့တယ်။ ကဒုံစီးရပ်ကွက် ဒေးပိန် (၂) အပိုင်းမှာ နေအိမ် (၃) လုံးလောက် အမိုးလန်ပျက်ဆီးတာတွေရှိပါတယ်။ အပင်တွေလဲတာတွေလည်း ရှိတယ်။ ဓါတ်တိုင်တွေလဲတာတွေလည်း ရှိပါတယ်။ လျှပ်စစ်မီးကတော့ ညက လေဆင်နှာမောင်းကျပြီးကတည်းက ပျက်သွားတယ်။ လေဆင်နှာမောင်းကျတဲ့ ကြာချိန်က (၅) မိနစ်လောက်ပဲရှိတယ်” ဟု ပြောကြားသည်။

ထို့အပြင် ရှင်ဥပဂုတ္တရေကန်ရှိသည့် ကန်တော်ဦးဘုန်းကြီးကျောင်းမှာ ဆိုးဆိုးရွားရွားထိခိုက်ပျက်ဆီးခဲ့သည့်အပြင် သံဃာတော် (၂) ပါးထိခိုက်ဒဏ်ရာများရရှိခဲ့ရာ၊ တစ်ပါးမှာ ဒဏ်ရာပြင်းထန်သည်ဟု သိရကြောင်းလည်း ၎င်းကဆိုသည်။

၎င်းအပြင် မြို့နယ်လ.ဝ.ကရုံး၊ မြို့နယ်ဆည်/မြောင်းရုံး၊ မြို့နယ်သမဝါယမရုံးနှင့် မြို့နယ်လမ်းဦးစီးဌာနရုံးအဆောက်အဦးများ ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း နှင့် အ.ထ.က (မင်းတန်း) ကျောင်းတွင်လည်း ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်ဆီးမှုများအား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ပေါင်မြို့နယ် ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ပရဟိတလူမှုကူညီရေးအဖွဲ့များ ဒေသခံပြည်သူများက ဝိုင်းဝန်းရှင်းလင်းနေကြကြောင်း သိရသည်။

ပြီးခဲ့သည့် (၂၀၂၅) ခုနှစ် ဇူလိုင်လ (၂၄) ရက်နေ့မှ (၂၇) ရက်နေ့အတွင်း ပေါင်းရပ်ကွက်၊ မိုးနှိုင်းရပ်ကွက်၊ ပေါင်မြို့နယ် အလှပ်ကျေးရွာ၊ လက်ပံတောကျေးရွာ၊ ကတွန်ကျေးရွာ၊ ရင်းငြိမ်တောင်ကျေးရွာများ၌ ဖြစ်ပွားခဲ့သည့် လေဆင်နှာမောင်းတိုက်ခတ်မှုများကြောင့် နေအိမ် (၃၅၀) ကျော်ထိခိုက်ပျက်ဆီးခဲ့သည့်အပြင်၊ သာသနိကအဆောက်အဦးများ၊ မီးသတ်စခန်းတစ်လုံး နှင့် ဓါတ်မီးတိုင်များ ၊ အပင်အများအပြား ပျက်ဆီးခဲ့ရကြောင်း နှင့် ဒေသခံပြည်သူ (၁၄) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent