ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ဆူရ်ဘုန်လေဆိပ်သည် လက်ရှိတွင် လေယာဉ်ပြေးလမ်း ကောင်းမွန်သော်လည်း လေကြောင်းလုံခြုံရေး/ဆက်သွယ်ရေးပစ္စည်းများနှင့် လေဆိပ်အဆောက်အဦ ပျက်စီးနေ

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ဆူရ်ဘုန်လေဆိပ်သည် လက်ရှိတွင် လေယာဉ်ပြေးလမ်း ကောင်းမွန်သော်လည်း လေကြောင်းလုံခြုံရေး/ဆက်သွယ်ရေးပစ္စည်းများနှင့် လေဆိပ်အဆောက်အဦ ပျက်စီးနေ
Published 5 July 2026

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ဆူရ်ဘုန်လေဆိပ်သည် လက်ရှိတွင် လေယာဉ်ပြေးလမ်း ကောင်းမွန်သော်လည်း လေကြောင်းလုံခြုံရေး/ဆက်သွယ်ရေးပစ္စည်းများနှင့် လေဆိပ်အဆောက်အဦ ပျက်စီးနေကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့် ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်တွင် ဖလမ်းမြို့ရှိ စည်ပင်သာယာဈေး၊ ဆူရ်ဘုန်လေဆိပ်တို့အား သွားရောက်ကြည့်ရှုခဲ့သည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့နယ်စည်ပင်သာယာဈေးတွင် ဆိုင်ခန်းများဖွင့်လှစ် ရောင်းချနေမှုများကို ကြည့်ရှုပြီး၊ တာဝန်ရှိသူများအား ဈေးပတ်ဝန်းကျင်နှင့်ဈေးအတွင်း သန့်ရှင်း သာယာလှပမှုရှိစေရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များဖြစ်စေရေး အလေးထား ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့သို့ ပြန်လည်ဝင်ရောက်လာသူများ သတင်းပို့ရန် သတ်မှတ်ထားသည့်နေရာသို့ ရောက်ရှိရာ စိစစ်လက်ခံမှုအခြေအနေများကို ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်း ရိဒ် လမ်းပိုင်းပေါ်ရှိ ဆူရ်ဘုန်လေဆိပ်သို့ သွားရောက်ရာ ဖလမ်း-ရိဒ် လမ်းပိုင်းအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သော လမ်း၊ တံတားများကို ပြည်သူများအဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ရန်၊ မိုးရာသီတွင် လမ်း၊ တံတားများပေါ်တွင် ရေမတင်စေရေး အလေးထားဆောင်ရွက်ရန်၊ မိုးတွင်းတွင် တောင်ပြို၍ လမ်းပြတ်တောက်မှုများမရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ ကြိုတင်စုဖွဲ့၍ စီမံဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့နယ်ရှိ ဆူရ်ဘုန်လေဆိပ်သို့ ရောက်ရှိခဲ့ပြီး လေယာဉ်ကွင်းမှာ ပင်လယ်ရေမျက်နှာပြင်အမြင့် ၆ဝဝဝပေ တွင်တည်ရှိပြီး၊ လေယာဉ်ပြေးလမ်းအရှည်မှာ ၆၀၀၀ ပေ ရှိကြောင်း၊ ၂၀၂၀ ခုနှစ်၊ ဇွန် ၂၆ ရက်တွင် BEECH လေယာဉ်ဖြင့်လည်းကောင်း၊ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ATR-72-600 လေယာဉ်ဖြင့် လည်းကောင်း အောင်မြင်စွာ စမ်းသပ် ဆင်းသက်ခဲ့မှုများ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခုလက်ရှိ အခြေအနေတွင် လေယာဉ် ပြေးလမ်းအရှည် ၆၀၀၀ ပေ ၏မျက်နှာပြင်မှာအခြေအနေကောင်းမွန်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများကြောင့် လေယာဉ်ပြေးလမ်းပေါ်ရှိ မီးများ၊ လေကြောင်းလုံခြုံရေးဆိုင်ရာစက်ပစ္စည်းများ၊လေကြောင်း ဆက်သွယ်ရေးဆိုင်ရာစက်ပစ္စည်းများ၊ လေကြောင်းလမ်းညွှန်ဆိုင်ရာ စက်ပစ္စည်းများမှာ ပျက်စီးလျက်ရှိနေပြီး လေဆိပ်အဆောက်အဦ၊ လေကြောင်းထိန်းမျှော်စင်အဆောက်အဦ၊ မီးသတ် အဆောက်အဦ၊ DVOR အဆောက်အဦတို့မှာလည်း တစ်စိတ်တစ်ပိုင်း ပျက်စီးလျက်ရှိနေကြောင်း သိရသည်။

ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်နိုင်ပါက ချင်းပြည်နယ်ဒေသဖွံ့ဖြိုးရေးအတွက်သွားလာရေး အဆင်ပြေနိုင်မည့်အပြင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော ပစ္စည်းများကို လျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့နယ်တို့တွင် ပြည်သူ့ဆေးရုံများဖွင့်လှစ်နိုင်ပြီး လက်ရှိအချိန်ထိ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းပေါင်း (၂၇၈)ဦးတို့ဖြင့် ဆေးကုသမှုပေးခဲ့သောလူနာ (၁၃၀၉၈)ဦး ရှိပြီဖြစ်ကြောင်းနှင့် အခြေခံပညာကျောင်းပေါင်း (၂၇၉)ကျောင်းတွင် ဆရာ၊ ဆရာမပေါင်း (၁၂၃၄)ဦးတို့ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၇၆၅၁)ဦးအား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent