အီရန်နိုင်ငံ၏ အကြီးအကဲဖြစ်သူ ဘာသာရေးခေါင်းဆောင်ဟောင်း (Supreme Leader) အယာတိုလာ ဆေယဒ်အလီ ခါမေနီ၏ ဈာပနအခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်

အီရန်နိုင်ငံ၏ အကြီးအကဲဖြစ်သူ ဘာသာရေးခေါင်းဆောင်ဟောင်း (Supreme Leader) အယာတိုလာ ဆေယဒ်အလီ ခါမေနီ၏ ဈာပနအခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်
Published 6 July 2026

အီရန်နိုင်ငံ၏ အကြီးအကဲဖြစ်သူ ဘာသာရေးခေါင်းဆောင်ဟောင်း (Supreme Leader) အယာတိုလာ ဆေယဒ်အလီ ခါမေနီ၏ ဈာပနအခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း တက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့်အဖွဲ့သည် အီရန်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၏ အကြီးအကဲဖြစ်သူ ဘာသာရေးခေါင်းဆောင်ဟောင်း (Supreme Leader) အယာတိုလာ ဆေယဒ်အလီ ခါမေနီ၏ နိုင်ငံတော်ဈာပနအခမ်းအနားသို့ တက်ရောက်ရန် ဇူလိုင် ၁ ရက်မှ ၅ ရက်အထိ အီရန်နိုင်ငံသို့ သွားရောက်ခဲ့သည်။

ဇူလိုင် ၂ ရက်နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တီဟီရန်မြို့ရှိ Imam Khomeini အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိရာ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ပဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် Dr. Moosavi နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ်ဌာနမှ ဌာနအကြီးအကဲ Mr. Azimi တို့က ကြိုဆိုကြကြောင်း သိရသည်။

ထို့နောက် လေဆိပ်ဧည့်ခန်းမ၌ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးရာ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်က အီရန်နိုင်ငံ၏ လတ်တလော အခြေအနေများကို ရှင်းလင်းပြောကြားပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအားကောင်း စေရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံလက်တွေ့ကျပြီး ဘုံအကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍစုံတွင် ဆက်လက်၍ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇူလိုင် ၃ ရက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တီဟီရန်မြို့ရှိ Imam Khomeini Mosalla ဗလီ၌ကျင်းပသည့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၏ အကြီးအကဲဖြစ်သူ ကွယ်လွန်သူ ဘာသာရေး ခေါင်းဆောင်ဟောင်း အယာတိုလာ ဆေယဒ်အလီ ခါမေနီ၏ ဈာပနအခမ်းအနားသို့ တက်ရောက်စဉ် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ ဒုတိယသမ္မတ Mohammad Reza Aref ၊ သမ္မတဦးစီးရုံးအကြီးအကဲနှင့် ပြည်ထဲရေးဝန်ကြီးတို့က ခရီးဦးကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ကွယ်လွန်သူ ဘာသာရေးခေါင်းဆောင်ဟောင်း အယာတိုလာ ဆေယဒ်အလီ ခါမေနီ၏ ရုပ်ကလာပ်ကို နိုင်ငံတော်ဂုဏ်ပြုတီးဝိုင်းနှင့်ဂါရဝပြုပြီး အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံသမ္မတ Dr. Masoud Pezeshkian နှင့်အတူ အီရန်လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့အား တွေ့ဆုံနှုတ်ဆက်ကာ အီရန်ဘာသာရေးခေါင်းဆောင်ဟောင်း ကွယ်လွန်ခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရကိုယ်စား ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း သတင်းစကား ပြောကြားခဲ့သည်။

အဆိုပါ နိုင်ငံတော်ဈာပနအခမ်းအနားသို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်မှ သမ္မတ၊ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌများ၊ နိုင်ငံခြားရေးဝန်ကြီးများ၊ နိုင်ငံတကာမှ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် ဘာသာရေးအဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင် ၅ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent