နိုင်ငံသားစိစစ်ရေးကတ်ပြားအတု၊ အိမ်ထောင်စုလူဦးရေစာရင်းအတု ပြုလုပ်ကိုင်ဆောင်သူနှင့် ဆောင်ရွက်ပေးသည့်ပွဲစား စုစုပေါင်း ၁၀၁ ဦးရှိပြီး ၃၃ ဦးကို ပြစ်ဒဏ်ချမှတ်၍ ၆၉ ဦးကို တရားစွဲဆိုထား
နိုင်ငံသားနံပါတ်ထပ်နေသူနှစ်ဦးတွင် တစ်ဦးအားမသမာသောနည်းဖြင့် ဆောင်ရွက်ပေးထားကြောင်း စိစစ်တွေ့ရှိပါက ပါဝင်ပတ်သက်သည့်ဝန်ထမ်းများကို အရေးယူအပြစ်လျက်ရှိပြီး ၂၀၂၁ ခုနှစ်မှ လက်ရှိအထိ စုစုပေါင်း ၇၈ ဦးရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က ပြောကြားသည်။
ဇွန် ၁၉ ရက်တွင်ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၀) စိုင်းဝင်းခိုင်၏ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များ အဘယ်ကြောင့်ထပ်သည့်ကိစ္စ ဖြစ်ပေါ်ရပါသနည်း၊ ထိုကဲ့သို့ထပ်နေသည့် ကတ်ပြားအမှတ်ဦးစွာရရှိသူအား မည်ကဲ့သို့စိစစ်၍ ၎င်း၏နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန်အတွက် ကာကွယ်စောင့်ရှောက်ပေးနိုင်မည်နည်း၊ မသမာမှုကြောင့်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ထပ်ရသည်ကို စိစစ်တွေ့ရှိပါက မည်သို့အရေးယူဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးခွန်းမေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ထိုသို့ထည့်သွင်းဖြေကြားခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က မြန်မာနိုင်ငံသားဥပဒေနှင့် နိုင်ငံသားဆိုင်ရာလုပ်ထုံးလုပ်နည်းများအရ ၁၉၈၅ ခုနှစ် မတ် ၁ ရက်မှစတင်၍ နိုင်ငံသားအရည်အချင်းပြည့်မီသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးလျက်ရှိကြောင်း၊ ထိုသို့ထုတ်ပေးရာတွင် နိုင်ငံသားတစ်ဦးခြင်း၏ ကိုယ်ရေးအကြောင်းအရာများကို နိုင်ငံသား၏ကိုယ်ရေးမှတ်တမ်းပုံစံ နိုင်(၁)ဖြင့်ဖြည့်စွက်ရေးသွင်းပြီး ပုံစံ နိုင်(၄)မှတ်ပုံတင်စာအုပ်ဖြင့် နံပါတ်ပေး၍ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လူတစ်ဦးလျှင် နိုင်ငံသားနံပါတ်တစ်ခုသာရှိရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းဆောင်ရွက်မှုအနေဖြင့် Paper စနစ်၊ Manual စနစ်ဖြင့်ဆောင်ရွက်ရကြောင်း၊ နိုင်ငံသားလုပ်ငန်းအားစတင်ဆောင်ရွက်ချိန်တွင် ထိုအချိန်ကာလ အသက် ၁၂ နှစ်အထက်ရှိသူများသည် အမျိုးသားမှတ်ပုံတင်ကတ်ပြားကိုင်ဆောင်ထားသူများဖြစ်ကြကြောင်း၊ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်မဲပေးရမည်ဖြစ်၍ ၁၉၈၉ ခုနှစ်တွင် နိုင်ငံတစ်ဝန်းလုံး၌ အထူးစီမံချက်ဖြင့် အသက် ၁၈ နှစ်ပြည့်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေးလုပ်ငန်း ဆောင်ရွက်ခဲ့ရကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။
“သို့ဖြစ်၍ သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်နိုင်ရန်အတွက် မိမိဝန်ထမ်းအင်အားလုံလောက်မှုမရှိသဖြင့် နေ့စားလရှင်းလုပ်အားပေးများစွာဖြင့် ဆောင်ရွက်ခဲ့ရခြင်း၊ ရွေးကောက်ပွဲအမှီနိုင်ငံသားစိစစ်ရေးကတ်ပြားထုတ် ပေးနိုင်ရေးကိုသာ ဦးတည်ခဲ့ရသဖြင့် Paper စနစ်ဖြင့်ဆောင်ရွက်ရခြင်းကြောင့် မှားယွင်းမှုတစ်ချို့ရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်တွင် အီလက်ထရွန်နစ်စနစ်မှတ်ပုံတင်ဦးစီးဌာန၏ စိစစ်ကွပ်ကဲမှုဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ နိုင်ငံသားနံပါတ်ပေးသည့် နိုင်(၄)မှတ်တမ်းများအား E-ID Biomrtic registration System ဆော့ဖ်ဝဲဖြင့် ဆာဖာအတွင်း ထည့်သွင်း ဆောင်ရွက်ခဲ့ရာ နိုင်ငံသားနံပါတ်ထပ်နေမှုများကို စိစစ်တွေ့ရှိခဲ့ပါတယ်။ နိုင်ငံသားနံပါတ်တစ်ခုတည်းကို လူပုဂ္ဂိုလ်နှစ်ဦးအား နံပါတ်ထပ်၍ ထုတ်ပေးထားခြင်းကြောင့် ကာယကံရှင်များမှာလည်း အဆိုပါနိုင်ငံသားနံပါတ်ဖြင့် ပညာရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် အသုံးပြုထားသဖြင့် အခက်အခဲမရှိစေရန်အတွက် ထုတ်ပေးထားသည့် နိုင်ငံသားနံပါတ်များအား ရုံးလက်ခံနိုင်ငံသားကိုယ်ရေးမှတ်တမ်းဖြင့် ပြန်လည်စိစစ်ခြင်း၊ သဘောရိုးဖြင့်မှားယွင်း၍ ထုတ်ပေးထားခြင်း ဟုတ် မဟုတ် စစ်ဆေးခြင်း၊ ထုတ်ပေးထားသူများသည် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားအရည်အချင်းအရ အထောက်အထားခိုင်မာစွာဖြင့် ထုတ်ပေးခြင်း ရှိ မရှိစစ်ဆေးခြင်း၊ ဝန်ထမ်းမှ မရိုးဖြောင့်သောနည်းဖြင့် ထုတ်ပေးခြင်းရှိ မရှိ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။
ထိုသို့ ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံသားနံပါတ်တစ်ခုတည်းဖြင့် ထုတ်ပေးထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားများသည် မှန်ကန်စွာထုတ်ပေးထားသော ကတ်ပြားများဖြစ်ပါက နံပါတ်ပေးသည့် စာအုပ်တွင်ဖော်ပြထားသူအား အတည်ပြုပေးပြီး ကျန်တစ်ဦးအားနံပါတ်သစ်ဖြင့်ထုတ်ပေးခြင်းဖြင့် လည်းကောင်း၊ နံပါတ်ပေးသည့်စာအုပ်တွင် နှစ်ဦးစလုံးနိုင်ငံသားနံပါတ်တူညီစွာမှတ်တမ်းသွင်းထားပါက နံပါတ်ထပ်နေသူနှစ်ဦးအား တွေ့ဆုံညှိနှိုင်းစေ၍ စောစွာထုတ်ယူသူအားအတည်ပြုပြီး ကျန်တစ်ဦးအား နိုင်ငံသားနံပါတ်အသစ်ရယူစေခြင်းဖြင့်လည်းကောင်း၊ နိုင်ငံသားနံပါတ်ကို အတည်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင်တစ်ဦးသည် ယင်းနိုင်ငံသားနံပါတ်ဖြင့် ဘွဲ့လက်မှတ်၊ ဝန်ထမ်းပင်စည်စာအုပ်များတွင် အသုံးပြုထားပြီး ကျန်တစ်ဦးမှာအသုံးမပြုပါက ယင်းပုဂ္ဂိုလ်အား နံပါတ်အသစ်ထုတ်ပေးပြီး ယခင်နိုင်ငံသားနံပါတ်အဟောင်းကို ပညာရေး၊ စီးပွားရေး၊ ရုံးဌာနများနှင့်ဆက်စပ်သည့်နေရာများတွင် သုံးစွဲပါက အခက်အခဲမရှိစေရန်အတွက် နံပါတ်အသစ်ဖြင့် ထုတ်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား၏နောက်ကြောတွင် ယခင်ကိုင်ဆောင်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ကို ရေးသွင်း၍မူလနံပါတ်ကို ဖော်ပြပေးပြီး မြို့နယ်ဦးစီးမှုးမှ အတည်ပြုလက်မှတ်ရေးထိုးပေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောကြားသည်။
“နိုင်ငံသားနံပါတ်ထပ်နေသူနှစ်ဦးတွင် တစ်ဦးအားမသမာသောနည်းဖြင့် ဆောင်ရွက်ပေးထားသည်ကို စိစစ်တွေ့ရှိပါက မှန်ကန်မှုရှိသူကိုသာ အတည်ပြုပြီး နိုင်ငံသားအရည်အချင်းမရှိသူကို ထုတ်ပေးထားသည့်ပါဝင်ပတ်သက်သူဝန်ထမ်းများ သို့မဟုတ် ပါဝင်ပတ်သက်သည့် ဆက်စပ်သူဝန်ထမ်းများအား ဖော်ထုတ်၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ အရေးယူအပစ်ပေးခြင်းဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်မှ ယနေ့အထိ အရာထမ်း ၃၀ ဦး၊ အမှုထမ်း ၄၈ ဦး၊ စုစုပေါင်း ၇၈ ဦးတို့အား အရေးယူဆောင်ရွက်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားအတု၊ အိမ်ထောင်စုလူဦးရေစာရင်းအတု ပြုလုပ်ကိုင်ဆောင်သူနဲ့ ဆောင်ရွက်ပေးသောပွဲစား စုစုပေါင်း ၁၀၁ ဦးရှိပြီး ၃၃ ဦးအားပြစ်ဒဏ်ချမှတ်၍ ၆၉ ဦးအား တရားစွဲဆိုဆောင်ရွက်လျက်ရှိကြောင်းဖြေကြားတင်ပြအပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးကပြောကြားသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားများ၏ကိုယ်ရေးအချက်အလက်များကို ယခင်ကစာရွက်အခြေပြုစနစ်ဖြင့် မှတ်တမ်းထိန်းခဲ့ရသဖြင့် ၁၉၉၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြားမှ နိုင်ငံသားစိစစ်ရေးကတ်ပြားသို့ ကာလတိုအတွင်း အထူးစီမံချက်ဖြင့် နေ့စားလရှင်းလုပ်အားပေးဝန်ထမ်းများ ခေါ်ယူအသုံးပြုခဲ့ရသဖြင့် နိုင်ငံသားနံပါတ်ထပ်နေသူအနည်းရှိနိုင်ကြောင်း၊ အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍လည်း ဖြေရှင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အသေးစိတ်အား သက်ဆိုင်ရာမြို့နယ်ရုံးများသို့ ညွှွန်ကြားထားရှိပြီး ဆိုရှယ်မီဒီယာများမှတစ်ဆင့် ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ပေးလျက်ရှိသဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ စည်းရုံးရေးနယ်မြေများတွင် နိုင်ငံသားနံပါတ်ထပ်သူများ တွေ့ရှိပါက အိမ်ထောင်စုစာရင်းနေရပ်လိပ်စာတွင်ပါဝင်သည့် သက်ဆိုင်ရာလဝကရုံးသို့ စေလွှတ်ဆောင်ရွက်ရေး လမ်းညွှွန်ပေးရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။















