ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟု အမည်ပေးထားသည့် ကျွဲဖြူတစ်ကောင်ကို အိဒ်နေ့တွင် ကုရ်ဘာနီပြုလုပ်ခံရမည့်အခြေအနေမှ ကယ်တင်နိုင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် အမျိုးသား တိရစ္ဆာန်ဥယျာဉ်သို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြခဲ့သည်။
အဆိုပါ ကျွဲသည် Albino ရောဂါကြောင့် အသားအရောင်နှင့် အမွေးအမှင်များ ဖြူဆွတ်နေသဖြင့် ပိုင်ရှင်များက အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ အမည်ကို ပေးခဲ့ခြင်းဖြစ်သည်။
အလေးချိန် ကီလိုဂရမ် ၇၀၀ နီးပါး (၁၅၄၃ ပေါင်) ရှိသည့် အဆိုပါ ကျွဲဖြူကြီးအား ပိုင်ရှင်များက ကုရ်ဘာနီပြုလုပ်ရန် ရောင်းချထားခဲ့ပြီးဖြစ်သော်လည်း မေ ၂၈ ရက်တွင်ကျရောက်သည့် အိဒ်နေ့မတိုင််မီ အစိုးရ၏ နောက်ဆုံးအချိန်ကြားဝင်ဆောင်ရွက်မှုဖြင့် ကယ်တင်နိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ အရာရှိတစ်ဦးက မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ထိုကျွဲဖြူကြီးကို ပြည်သူများကြား စိတ်ဝင်စားမှုအလွန်မြင့်တက်နေသဖြင့် လုံခြုံရေးစဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အကြောင်းပြပြီး အာဏာပိုင်များက ကြားဝင်တားဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါကျွဲဖြူကြီးကို အသက်ချမ်းသာခွင့်ပေးရန်၊ ဝယ်ယူသူကို ငွေပြန်အမ်းရန်နှင့် ဒါကာမြို့ရှိ အမျိုးသားတိရစ္ဆာန်ဥယျာဉ်သို့ ပြောင်းရွှေ့ရန် ပြည်ထဲရေးဝန်ကြီး ဆာလာဟွတ်ဒင် အာမက်က အမိန့်ပေးခဲ့သည်။
Ref: Reuters
Photos- AFP















