ကျိုက္ခမီမြို့တွင် ရန်အောင်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးက ၎င်းအား ဓားဖြင့်ခုတ်သူအမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အပြန်အလှန် အမှုဖွင့်

ကျိုက္ခမီမြို့တွင် ရန်အောင်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးက ၎င်းအား ဓားဖြင့်ခုတ်သူအမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အပြန်အလှန် အမှုဖွင့်
Published 1 June 2026

သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် ရန်အောင်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးက ၎င်းအား ဓားဖြင့်ခုတ်သူအမျိုးသားတစ်ဦးအား သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အပြန်အလှန် အမှုဖွင့်ထားကြောင်း သိရသည်။

မေ ၂၃ ရက် ည ၉ နာရီခွဲခန့်က ကျိုက္ခမီမြို့ ရန်အောင်မြင်ရပ်ကွက် ရွှေကျင်ကျောင်းလမ်းနေ အသက် (၃၄) နှစ်အရွယ် ဒေါ်ဖြိုးဖြိုးစံမှာ အိပ်ရာဝင်ခဲ့စဉ် ၎င်း၏ ခင်ပွန်းဖြစ်သူ အသက် (၃၉) နှစ်အရွယ် ဖြိုးမင်းခိုင် ဆိုသူမှာ အိမ်ရှေ့တွင်တစ်ဦးတည်းထိုင်နေကြောင်း၊ ခဏအကြာတွင် ရန်အောင်မြင် (၁) လမ်းဘက်မှ သေနတ်သံများကြားရ၍ ထွက်ကြည့်ရာတွင် ဖြိုးမင်းခိုင်မှာ ဓားမကိုင်၍ နေအိမ်သို့ပြန်လာသည်ကိုတွေ့ရ၍ ဒေါ်ဖြိုးဖြိုးစံက မေးမြန်းရာ ၎င်းမှ ရန်အောင်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဇော်ဝင်းထွန်းအား ဓားမဖြင့်ခုတ်ခဲ့ကြောင်းနှင့် ဦးဇော်ဝင်းထွန်းက သေနတ်ဖြင့် ပြန်လည်ပစ်ပစ်ခတ်ခဲ့ကြောင်း ကျိုက္ခမီမြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ ဖြိုးမင်းခိုင်ရဲ့ ဘယ်ဘက်ခြေသလုံးမှာ ကျည်ရှပ်ထိဒဏ်ရာ နှစ်ချက်နဲ့ ဘယ်ဘက်ခြေသလုံးမှာ ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့လို့ ကျိုက္ခမီတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ‌မေ ၃၀ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသူ ဖြိုးမင်းခိုင်၏ ဇနီးဖြစ်သူ ဒေါ်ဖြိုးဖြိုးစံက ကျိုက္ခမီနယ်မြေရဲစခန်းသို့လာရောက်ကာ အမှုဖွင့်တိုက်တန်းထားခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

ယင်းဖြစ်နှင့်ပတ်သက်ပြီး ရန်အောင်မြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်း (၄၂) နှစ်အား ကျိုက္ခမီနယ်မြေရဲစခန်းတွင် (ပ) ၂၆/၂၀၂၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၂၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ထို့အတူ ရန်‌အောင်မြင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းကလည်း ၎င်းအား ဓားဖြင့်ခုတ်ခဲ့သူ ဖြိုးမင်းခိုင် အား တိုင်တန်းခဲ့သည့်အပေါ် ကျိုက္ခမီနယ်မြေရဲစခန်းမှ (ပ) ၁၃/၂၀၂၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၂၆ ဖြင့် အမှုဖွင့်လှစ်စစ်ဆေးခဲ့ပြီးနောက် သံဖြူဇရပ်မြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မြို့နယ်တရားသူကြီး ဦးခန့်လွင်က ရာဇဝတ်ကြီး အမှုအမှတ် (၉၁/၂၀၂၆) ဖြင့် လက်ခံစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent