■အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး

■အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး
Published 2 June 2026

■နှစ်နိုင်ငံအကြား ကာကွယ်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုအပါအဝင်ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် မြန်မာနိုင်ငံတွက် လိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဓာတ်မြေဩဇာနှင့် ဆေးဝါးများ၊ ရေနံနှင့် ရေနံထွက်ပစ္စည်းများ၊ ချည်မျှင်နှင့်အထည်အလိပ်များ တိုးမြှင့်တင်သွင်းနိုင်​ရေး ​ဆွေး​​နွေး

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် H.E. Shri Narendra Modi တို့ ယနေ့(ဇွန် ၁ ရက်) နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရုံး(Hyderabad House)တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရုံးသို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် H.E. Shri Narendra Modi က ကြိုဆိုနှုတ်ဆက်ခဲ့ပြီး မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ထို့နောက် တွေ့ဆုံဆွေးနွေးရာတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi က ပြောကြားရာ၌ အဆွေတော်ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ယခုကဲ့သို့ လက်ခံတွေ့ဆုံရသည့်အတွက် များစွာဝမ်းမြောက်မိသည်ကို ဦးစွာ ပြောကြားလိုပါကြောင်း၊ မိမိနှင့် အဆွေတော်အနေဖြင့် ယခင်ကတည်းက မကြာခဏ တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ ကြောင်း၊ မကြာမီက မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အဆွေတော်ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက်ပိုင်း မိမိတို့နိုင်ငံသို့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ရွေးချယ်ပေးခဲ့မှုအပေါ်တွင်လည်း မိမိတို့အနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အဆွေတော်နှင့် ကိုယ်စားလှယ်အဖွဲ့ကို မိမိတို့အနေဖြင့် လှိုက်လှဲနွေးထွေးစွာကြိုဆိုပါကြောင်း၊ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံတွင် မန္တလေးမြေငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် အဆွေတော်တို့အနေဖြင့် ခက်ခဲသော အချိန်ကာလတစ်ခုကို ဖြတ်သန်းခဲ့ရသော်လည်း အဆွေတော်နှင့်မိမိတို့အကြား ကောင်းမွန်သော ထိတွေ့ဆက်ဆံမှုများနှင့် ဆွေးနွေးမှုများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ပြောကြားသည်။

ယခုကဲ့သို့ အဆွေတော်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံရသည့်အတွက် မိမိအနေဖြင့် များစွာဝမ်းမြောက်ပါကြောင်းနှင့် အဆွေတော်၏ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရမှုအပေါ်တွင်လည်း မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူသည်ကို ပြောကြားလိုပါကြောင်း၊ အဆွေတော် ဆက်လက်တာဝန်ထမ်းဆောင်မည့် ကာလများတွင်လည်း အောင်မြင်မှုများကို ရရှိပါစေရန် ဆုမွန်ကောင်း တောင်းပါကြောင်း၊ အဆွေတော်နှင့် ကိုယ်စားလှယ်အဖွဲ့ကို အိန္ဒိယနိုင်ငံက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုသည်ကို ထပ်လောင်းပြောကြားလိုကြောင်း၊ ယနေ့တွင် အဆွေတော်အနေဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေးမြို့တော်နယူးဒေလီသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ရောက်ရှိနေစဉ်ကာလအတွင်း အဆွေတော်အနေဖြင့် မိမိတို့အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် ကောင်းကျိုးရလဒ်များ ရရှိအောင် ဆွေးနွေနိုင်မည်ဖြစ်ပြီး ထူးခြားသည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်းလည်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi က ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယခုကဲ့သို့ အဆွေတော်နှင့် (၆)ကြိမ်မြောက် ထပ်မံတွေ့ဆုံဆွေးနွေးခွင့်ရသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ မိမိနိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် အဆွေတော်၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ပထမဆုံးပြည်ပ ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာရောက်ရသည့်အတွက် လွန်စွာအလေးထားပါ ကြောင်းနှင့် မိမိဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို နွေးထွေးပျူငှာစွာ ကြိုဆိုသည့်အတွက်လည်း ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ အဆွေတော် အိန္ဒိယနိုင်ငံကို တာဝန်ယူသည့် ၂၀၁၄ ခု ၂၀၁၄ ခုနှစ်မှစပြီး (၁၂)နှစ်တာ ဝန်ကြီးချုပ် သက်တမ်းကာလအတွင်း အိန္ဒိယနိုင်ငံ၏ ကဏ္ဍအသီးသီးတွင် အဆွေတော်၏ ဦးဆောင်မှုဖြင့် ဖွံ့ဖြိုးတိုးတက်ပြီး အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည့် အဆွေတော်၏ စွမ်းဆောင်မှုအပေါ် ချီးကျူးဂုဏ်ပြုလိုကြောင်း ပြောကြားသည်။

မိမိအနေဖြင့် အဆွေတော်နှင့်အတူ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ရှိရင်းစွဲကောင်းမွန်သော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အ အဆွေတော်ကို ကျေးဇူးတင် အသိအမှတ်ပြုအပ်သည်ကို ပြောကြားလိုပါကြောင်း၊ မိမိသမ္မတတာဝန် စတင်ထမ်းဆောင်မှု ကျမ်းသစ္စာကျိန်ဆိုပွဲကို အဆွေတော်ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့မှုနှင့် အခမ်းအနားတက်ရောက်ရန် ကိုယ်စားလှယ် စေလွှတ်ပေးခဲ့မှုအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ်များစွာရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ချိန်တွင် အဆွေတော်တို့ နိုင်ငံမှကူညီမှုများဆောင်ရွက်ပေးခဲ့မှုအပေါ်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံသည် ကမ္ဘာကြီးဖွံ့ဖြိုး တိုးတက်မှုအတွက် မောင်းနှင်အား တစ်ခုဖြစ်လာမည်ဟု အဆွေတော်ပြောကြားခဲ့သကဲ့သို့ မိမိတို့အနေဖြင့် တိုးတက်လာလျက်ရှိသည့် အိန္ဒိယနိုင်ငံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားလိုပါကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြန်လည်ဆွေးနွေးပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နှင့်အညီ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းပီသစွာဖြင့် အတူယှဉ်တွဲနေထိုင်လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံအကြား ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ၊ ယဉ်ကျေးမှုထိန်းသိမ်းရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံအတွက် လိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ဆေး ဆေးဝါးများ၊ ရေနံနှင့်ရေနံထွက်ပစ္စည်းများ၊ ချည်မျှင်နှင့်အထည်အလိပ်များ တိုးမြှင့်တင်သွင်းနိုင်သည့် အခြေအနေများ၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ ဉာဏ်ရည်တုနည်းပညာ(AI) ကဏ္ဍနှင့် အာကာသနည်းပညာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ နှိမ်နင်းရေးတို့အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် တရားမျှတပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပြီး ပြည်သူ့ဆန္ဒကို လက်တွေ့ကျကျ အကောင်အထည်ဖော်မည့် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သည့် လွှတ်တော်များနှင့် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက် တင်မြှောက်ထားသည့် အစိုးရဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိမှု အခြေအနေများ၊ အနာဂတ်ကာလများတွင် နှစ်နိုင်ငံနှင့် ပြည်သူများအတွက် ဘုံအကျိုးဖြစ်ထွန်းစေမည့် ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးမင်းနောင်၊ ဒေါက်တာချာလီသန်းနှင့် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့်အတူ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishakar ၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး Dr. P.K. Mishra ၊ သားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် H.E. Mr. Ajit Doval ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Shri Abhay Thakur နှင့် ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာ စားပွဲသို့ တက်ရောက်သည်။

ဂုဏ်ပြုနေ့လည်စာ သုံးဆောင်အပြီးတွင် နိုင်ငံတော်သမ္မတ သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရုံး (Hyderabad House) ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ရုံး(Hyderabad House)မှ ပြန်လည်ထွက်ခွာရာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့သည်။

Most Read

Most Recent